တောင်ပေါ်မှာဖောက်ထားတဲ့ မီးရထားလမ်းလေးက
တကယ်ကိုကောက်ကောက်ကွေ့ကွေ့။
မီးခိုးအူအူနဲ့တဂျုံးဂျုံးခုတ်မောင်းနေတဲ့ရထားအိုလေးပေါ်မှာ
အသည်းကွဲနေတဲ့ကောင်လေးပါလာတယ်။
ဒီဇင်ဘာမနက်ခင်းအအေးဓာတ်က
ရထားဘေးကမြူတွေနဲ့အတူ
ကောင်လေးနှလုံးသားဒဏ်ရာသက်သာအောင်
အေးခဲပေးဖို့ကြိုးစားနေကြသယောင်ယောင်။ရထားလေးကအိုတယ်...
ဆိုက်ရောက်ရာဘူတာလေးကလည်းအိုတယ်။
ဝေးလံခေါင်ဖျားတဲ့အရပ်ဒေသ ဂိတ်ဆုံးဘူတာမှာ
ကျောပိုးအိတ်တစ်လုံးနဲ့ ကောင်လေးက
ရထားပေါ်ကဆင်းလာသည်။
အအေးဓာတ်ကိုဦးထုပ်ဆောင်းပြီးခုခံထားပေမယ့်
နှာသီးလုံးလုံးလေးကတော့ ခပ်ရဲရဲ။
ကောင်လေးရဲ့မျက်တောင်မွှေးခပ်ရှည်ရှည်လေးတွေမှာ
နှင်းမှုန်တချို့ကပ်ညိအေးခဲနေတယ်။'ကွေ့ဟွားရွာကို ဘယ်လိုသွားရမလဲ'
ကောင်လေးရဲ့အမေးကြောင့် ရုံလေးထဲအိပ်ငိုက်နေတဲ့
လက်မှတ်စောင့်က မျက်စိဖွင့်လာသည်။'ကွေ့ဟွားရွာ'
နောက်တစ်ခေါက်ထပ်ရွတ်ပြတော့
ဘူတာရုံရဲ့ရှေ့ကလမ်း ညာဘက်ချိုးဖို့အမူအယာလုပ်ပြတယ်။'ကျေးဇူးပဲ'
ကောင်လေးရဲ့ကျေးဇူးတင်စကားတောင်မစောင့်ဘူး၊
လက်ပိုက်ပြီးပြန်ငိုက်မြည်းနေပြီ။ဘူတာရုံအရှေ့ကမြေနီလမ်းလေးကို
ညာချိုးအတိုင်းလျှောက်လာတော့
ခရမ်းရောင်ခြယ်အပွင့်တွေနဲ့အပင်ကြီးတွေက
ဘေးဘယ်ညာမှာစီစီရီရီအုံ့ဆိုင်းလို့။
ဘာအပင်တွေမှန်းတော့ကောင်လေးမသိဘူး...
ဒါပေမယ့် ဒီရာသီဥတု၊ဒီဒေသနဲ့ဒီအပင်ကြီးတွေ
တကယ်လိုက်ဖက်တယ်လို့ခံစားရသည်။ရွာဆိုပေမယ့် အုတ်ဖိနပ်ခံတဲ့ပျဉ်ထောင်အိမ်တွေ။
သူ့သူငယ်ချင်းညွှန်တဲ့အတိုင်း...
လမ်းမှာတွေ့ခဲ့တဲ့ခရမ်းရောင်အပင်ကြီးနဲ့အိမ်ကို
တံခါးခေါက်လိုက်တယ်။