"ငါ့ကိုလွှတ်ပါ ......"
အက်စတာက နိုဗာရဲ့လက်ထဲကရုန်းထွက်သည်။နိဗာကတော့ အက်စတာရဲ့ လက်ကိုနီရဲလာသည်အထိ လုံး၀မလွှတ်တမ်းကိုင်ထားသည်။သူလွှတ်လိုက်လျှင် အက်စတာမှာထာ၀ရပျောက်ကွယ်သွားတော့မည့်သူတစ်ယောက်ကဲ့သို့ နိုဗာခံစားနေရသည်။
"ဘာလို့ထွက်သွားမှာလဲ"
နိုဗာကလေသံပျော့ပျော့လေးများဖြင့်မေးသည်။သူ့မျက်နှာတွင် မျက်ရည်စက်များကဖြည်းညင်းစွာစီးကျလျက်။ကြယ်လေးကဲ့သို့တောက်ပခဲ့သော သူ့ရဲ့စိမ်းပြာရောင် မျက်လုံးများမှာအခုတော့ မှေးမှိန်ကာနေသည်။
"ငါမင်းကိုမချစ်ခဲ့လို့ ....."
အက်စတာက သူ့ရဲ့လက်ကို နိုဗာ၏လက်ထဲမှ ပြန်ဆွဲယူကာထွက်သွားသည်။
"အသုံးချခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်"
ထွက်သွားသူရဲ့ကျောပြင်ကို နိုဗာငေးကြည့်နေမိသည်။ကျန်ရစ်ခဲ့သူမှာ ပိုနာကျင်ရသည်ဆိုသော စကားကမှန်မည်ထင်သည်။နိုဗာရဲ့ပါးပြင်ပေါ်တွင်တော့ မျက်ရည်များအဆက်မပြတ်စီးကျလျက်ပင်။
အက်စတာက ကားပေါ်ရောက်သည်နှင့် ထိန်းထားခဲ့ရသော မျက်ရည်များကဆက်တိုက်ကျလာခဲ့သည်။ထွက်သွားတဲ့သူကလည်းနာကျင်ရသည်ဆိုတာ သူသိပါစေ။သူ့ရဲ့ပါးစပ်မှ သွေးနည်းနည်းစီးကျလာသည်။သူဆေးသောက်ရန် မေ့သွားသဖြင့်ဖြစ်နိုင်သည်။
သို့သော်ရင်ထဲကနာကျင်မှုက ဖော်မပြနိုင်အောင်ကြီးမားလှသည်။နှစ်ယောက်လုံးနာကျင်ရသည်ထက် သူ့နှလုံးသားတစ်ခုသာကွဲကြေသွားခြင်းကပိုအဆင်ပြေနိုင်တယ်လေ။သေတော့မယ့်လူတစ်ယောက်က နာကျင်ချိန်အကြာကြီးရမှာမှမဟုတ်တာ ......
သူကောင်းကင်ပေါ်ကို လှမ်းကြည့်သောအခါ အရောင်စုံကာ ကြယ်တွေနှင့်လှပလွန်းနေသော ကောင်းကင်တစ်ခုကိုသူမြင်ရသည်။သာမာန်အချိန်များတွင်တော့ ည၏ကောင်းကင်အောက်တွင် သူထိုင်ကာ ပျော်ရွှင်နေမိလိမ့်မည်ဖြစ်သော်လည်း ဒီနေ့ကတော့ သာမာန်နေ့တစ်နေ့သာမဟုတ်ခဲ့ပေ။
ကောင်းကင်တွင် သူUrsa Major ကြယ်စုကိုမြင်ရသည်။ထိုကြယ်စုကြောင့် ကြယ်တွေကိုချစ်တဲ့သည့်ကောင်လေးတစ်ယောက်ကို သူတွေ့ခဲ့ရသည်။အခုတော့ ထိုကောင်လေးကိုလက်လွှတ်လိုက်ရတော့မည်ထင်သည် .....