Part-31(နယ်ရုပ်တို့၏အဆုံးသတ်)

534 58 15
                                    

For Unicode
နယ်ရုပ်တို့အဆုံးသတ်


တစ်ချိန်က ရယ်မောသံများနှင့် ပြည့်နေဖူးသောအခန်းငယ်.. တစ်ချိန်က ငိုရှိုက်သံများ ပဲ့တင်နေဖူးသောအခန်းငယ်.. ယခုတွင် ထိုအခန်းငယ်၌ တိတ်ဆိတ်မှုတို့လွှမ်းခြုံကာ အမှောင်ထုကကြီးစိုးနေပြန်သည်။ ထိုအခန်းငယ်သည် နန္ဒ၏ကမ္ဘာငယ်..။

ကြိုးပြတ်သွား ရုပ်သေးရုပ်သည် မည်သူကိုမျှမတွေ့ခဲ့။ သူနှစ်သက်ရပါသော စိုင်းထွဋ်ခေါင်ကိုပင် မတွေ့ချင်ခဲ့။ နာကျင်နေသည်ကမှန်ပါသည်။ တစ်‌ယောက်တည်းနေရခြင်းက အထီးကျန်ကောင်း အထီးကျန်လိမ့်မည်။ သို့သော် ပူလောင်ခြင်းများနှင့် ထပ်၍မကြုံရတော့သည်မို့ တစ်ယောက်တည်းနေခြင်းက ပို၍သင့်တော်ပါသည်။

ထွက်ပြေးချင်မိသည်။ ထွက်သွားရန်လည်း ဆုံးဖြတ်မိသည်။ ချစ်ရသူသခင်လေးကို မုန်း၍မဟုတ်။ သူချစ်ရသော မိသားစုကို မဖျက်ဆီးချင်သောကြောင့် ထွက်သွားမည်။ ချစ်ရသူ၏ ပုံရိပ်တို့ကို နှလုံးသား၌ ထာ၀ရ သိမ်းဆည်းထားတော့မည်။

ဆုံးဖြတ်ချက်တို့ ခိုင်မာပြီးခိုက်တွင် အခန်းတံခါးကို လာခေါက်သော သူတစ်ယောက်..။ အခန်းတံခါးဖွင့်ကာ ထိုသူကိုကြည့်မိသည်။

“ လှထွန်းပါလား.. ဘာကိစ္စရှိလို့လဲ.."

“ အစ်ကိုနေမကောင်းဘူးဆိုလို့ သခင်လေးနဲ့ သခင်မလေးက ဆေးပို့ခိုင်းလိုက်တာ.. အဲဒါလာပို့တာ.."

ထိုစကားကြားပြီးနောက် မျက်နှာထက်တွင် ဆင်မြန်းလိုက်သည်က မဲ့ပြုံးလေးတစ်ခု။

အနာပေးလိုက် ဆေးပေးလိုက်နဲ့ပါလား..။

“ အေးပါ.. ထားခဲ့နော်..."

“ နောက်ပြီးတော့ ဒါလေးက.."

ကမ်းပေးလာသည့် လက်ထဲမှတစ်စုံတစ်ခုကိုကြည့်မိသည်။ ထူးထူးဆန်းဆန်းမဟုတ်။ ချိုင့်လေးတစ်ခုဖြစ်သည်။

“ ဒါက..."

“ ဒါက အမဲသားစွပ်ပြုတ်.. ကျွန်တော်လုပ်ထားတာ.."

“ လှထွန်းက ဒါတွေတောင်လုပ်တတ်နေပြီလားကွ.."

“ ဟုတ်.. ကျွန်တော်နေမကောင်းတုန်းကလည်း အစ်ကိုကပဲပြုစုထားတာလေ.. အခုကျွန်တော်က အစ်ကို့ကိုပြန်ပြုစုတာပေါ့.."

“ ဟုတ်ပါပြီကွာ.."

“ အနာတွေက နာသေးလား ကျွန်တော်ဆေးထည့်ပေးမယ်နော်.."

“ အင်းပါ.."

ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများထက် နှလုံးသားရှိဒဏ်ရာများက ပို၍များသည်။ ပို၍နာကျင်ရသည်။

နာကျင်ရင်းအလည်သွားမိသည် အတိတ်သည် ပို၍ဆွေးမြေ့စရာကောင်းလှသည်။ မိမိနေမကောင်းဖြစ်နေချိန်၌ သခင်လေး၏ တိတ်တဆိတ်ဂရုစိုက်မှုများကို ပြန်လည်သတိရမိသည်။ သခင်လေး၏‌ နွေးထွေးမှုကို လိုချင်ပါသေးသည်။ သို့သော် မဖြစ်နိုင်တော့ပြီ..။

မဖြစ်နိုင်မှန်းသိလျက် မျှော်လင့်နေရသည့် ထိုလူသားသည် မည်မျှ‌ပင်ပန်းနေမည်နည်း။

မရတော့မည့် သခင်လေး၏နွေးထွေးမှုအစား သခင်လေးပေးခဲ့ဖူးသော အနွေးထည်လေးကို ၀တ်ဆင်လျက် အစားထိုးနေမိသည်။

“ အစ်ကို.. ဘာလို့ငိုနေတာလဲ.."

“ ဒီလိုပါပဲ.. အတွေးလွန်သွားလို့ပါ.. မင်းနားတော့လေ "

“ မနားတော့ဘူး.. ဒီနေ့တစ်နေ့လုံး အစ်ကို့နားကနေ တစ်ဖဝါးမှမခွာဘူး.. "

“ ဘာဖြစ်လို့တုံး.. အစ်ကိုကသက်သာနေပါပြီ.. မစိုးရိမ်နဲ့.. "

“ အစ်ကိုသက်သာတာ မသက်သာတာ ခဏထား။ သခင်လေးက ကျွန်တော့်ကိုမှာထားတယ် သူမပြန်မလာမချင်း အစ်ကို့နားကနေ ဘယ်မှမသွားနဲ့တဲ့။ သူခရီးကပြန်လာတဲ့အထိ အစ်ကို့ဘေးမှာနေတဲ့ "

“ ဟမ်.. ဘယ်လို.. သခင်လေးကဘယ်သွားလို့လဲ "

“ မန္တလေးသွားတာ.. ကိုးရက်နေ့ပြန်ရောက်မယ်တဲ့.. "

“ ဪ.. အင်းပါ.. အစ်ကို့နားမှာကြီးပဲ မနေနဲ့လေ လုပ်စရာရှိတာလည်းလုပ်ပေါ့.. "

“ ဟုတ်... "

ခရီးသွားတာတောင် စိတ်မချဘူးလားသခင်လေး..။ ကျွန်တော်တစ်ခုခုဖြစ်မှာကို စိတ်မချတာတော့ မဖြစ်နိုင်ဘူးနော်..။ သခင်လေးမိသားစုကို ကျွန်တော်ဖျက်ဆီးပစ်မှာ.. ကြောက်နေတာမဟုတ်လား။

ထိုရင်တွင်းစကားနှင့်အတူ ကြည့်မိသည်က အခန်းထောင့်တွင် ထားထားသော အ၀တ်အစားထုပ်ပင်။

မစိုးရိမ်ပါနဲ့။ ထွက်သွားတော့မှာမို့လို့ စိတ်ချလက်ချသွား‌ပါ။ နှုတ်ဆက်ဖို့အခွင့်အရေးမရလို့ ၀မ်းနည်းရတယ်..။ ဒါပေမဲ့.. ကျွန်တော်ထွက်သွားဖို့အခွင့်အရေးကို လွယ်ကူစွာပေးသနားခဲ့တာမို့.. ကျေးဇူးတင်ပါတယ်။

စင်စစ် နန္ဒသည် ယနေ့ညတွင် မည်သူကိုမျှ အသိမပေးဘဲ တိတ်တဆိတ်ထွက်သွားရန်ဆုံးဖြတ်ထားသည်။ ထိုအကြောင်းကိုလည်း လှထွန်းမရိပ်မိအောင် ဆင်ခြင်နေရသည်။

ထို့နောက်ညနေလေးနာရီတွင် နန္ဒကို သခင်မလေးစောကလျာက လာတွေ့သည်။

သခင်မလေးရောက်လာခြင်းကို သဘောမကျသော်လည်း သူ့ထိခိုက်အောင် မိမိက ပြုမူထားသည်ဖြစ်၍ တောင်းပန်ရဦးမည်။

“ နန္ဒ မင်းသက်သာရဲ့လား.."

“ ဟုတ်.. သက်သာပါတယ်။ အဲဒီနေ့က ကိစ္စအတွက် ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်ရည်ရွယ်ပြီး တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး.. "

“ ကလျာ နားလည်ပါတယ်။ တောင်းပန်စရာလည်း မလိုပါဘူး။ မတော်တဆဖြစ်တာပဲကို။ ကလျာက နန္ဒကိုပဲ စိတ်ပူနေတာပါ။ အရိုက်ခံထားရတာများတော့လေ အရမ်းနာနေမှာပဲနော် "

“ မစိုးရိမ်ပါနဲ့သခင်မလေး.. သခင်တွေအတွက် ကျွန်တစ်ယောက်ရဲ့အသက်က တန်ဖိုးမရှိပါဘူး "

“ အို.. မဟုတ်တာ.. ကလျာအတွက်ကတော့ မင်းရဲ့အသက်က တော်တော်တန်ဖိုးရှိတယ် "

“ ဗျာ.."

“ ဗျာမနေနဲ့။ ခိုင်းတယ်ရယ်လို့လည်း သဘောမထားပါနဲ့နော်။ အခု လှမေက နေမကောင်းဖြစ်နေလို့ နားနေရတယ်။ ကလျာကသူများကိုခိုင်းရတာလည်း စိတ်တိုင်းမကျဘူး။ ပြီးတော့ မနက်ဖြန်က ကလျာရဲ့မွေးနေ့လေ။ အဲဒါမနက်ပိုင်းမှာ မိသားစုနှစ်ခု စုံစုံညီညီလေးနဲ့ မွေ့နေ့ပွဲလေးလုပ်ချင်တယ်။ အဲဒါ နန္ဒကို ဝိုင်းကူပါဦးလို့ ပြောမလို့ပါ။ ဘာပဲပြောပြော နန္ဒက ကလျာကိိုကူညီပေးရင် ‌မယ်မယ်တို့ကလည်း ပြန်ကြည်ဖြူမယ်ထင်တယ်။ ကူညီပါနော် "

သခင်က တောင်းဆိုနေသည်မို့ လက်မခံ၍မရ။

“ ဟုတ် ကူညီပေးပါ့မယ်.. "

“ ကူညီတာကတော့ရပါပြီ.. မွေးနေ့လက်ဆောင်ကရော ဘာပေးမှာလဲ "

“ အစေခံတစ်ယောက်က ဘာများပေးနိုင်မှာမို့လို့လဲသခင်မလေးရယ်.. "

“ နန္ဒပေးနိုင်ပါတယ်။ ကလျာယုံကြည်တယ်.. အဲဒီနေ့မဟုတ်ရင်တောင် နောက်နေ့ပေါ့.. နန္ဒက ကလျာကို သိပ်တန်ဖိုးရှိပြီး သဘောကျစေမယ့် လက်ဆောင်တစ်ခု ပေးမယ်ဆိုတာ..။ အဲဒါခဏထားပါ ပြီးရင် အိမ်တော်ထဲ လာခဲ့နော်.. "

“ ဟုတ်ကဲ့.. "

စောကလျာ၏စကားလုံးတိုင်းတွင် သူဖန်တီးထားသည့် အဓိပ္ပာယ်နှင့် ဖြစ်စေချင်သည့်ရည်ရွယ်ချက်များပါနေသည်။ ကောင်းသောရည်ရွယ်ချက် မဖြစ်နိုင်ပေ..။ သခင်မလေးစောကလျာ၏ ဆိုလိုရင်းကို နန္ဒနားမလည်။ အပြောသည်က နား၀င်ချိုပါသည်..။

စောကလျာထိုင်နေသည့်နေရာသည် စားပွဲခုံနှင့် နီးသည်။ ထိုစားပွဲခုံ၏အောက်တွင် ထုပ်လေးတစ်ထုပ်ထားခဲ့သည်။ ဤသည်ကိုမည်သူမျှမသိခဲ့..။

သခင်မလေးစောကလျာထွက်သွားပြီးနောက် လှထွန်း၏မိခင် ဒေါ်မေမြသည် အရေးတ‌ကြီးနှင့် ‌နန္ဒ၏ အခန်းသို့ရောက်လာသည်။ ထို့နောက် နန္ဒဘေးတွင်ထိုင်နေသာ လှထွန်းကို ငိုလျက်ဖြင့် စကားပြောသည်။

“ သားလေး.. မင်းအဘွားဆုံးပြီတဲ့.. "

“ ဗျာ.. ဘယ်လိုဖြစ်တာလဲ‌ အမေရယ်.. အမေ့ကို ဘယ်သူပြောလဲ.."

“ အခု မင်းရဲ့ဦးလေး လာအကြောင်းကြားတယ်။ အခုချက်ချင်းလိုက်သွားရမယ် "

ထိုကိစ္စကြောင့် လှထွန်းသည်လည်း အခန်းထဲမှ ထွက်သွားသည်။ နန္ဒသည်လည်း သခင်မလေးစောကလျာက ခေါ်ထားသောကြောင့် အိမ်တော်သို့သွားရမည်။ အိမ်တော်သို့ သွားသောအခါ သခင်မလေးစောကလျာက နန္ဒအား ထမင်းစားခန်းထဲသို့ခေါ်သွားသည်။

ထမင်းစားခန်းထဲတွင် နန္ဒအား ကဖီဖျော်ခိုင်းသည်။ နန္ဒကဖီဖျော်နေသည်ကို ကျန်သောအစေခံများကမြင်ပါသည်။ ထို့နောက် စောကလျာသည် ထို‌အစေခံများကို အပြင်ထွက်ခိုင်းကာ ကိစ္စတချို့ခိုင်းစေလိုက်သည်။ ကဖီဖျော်ပြီးနောက် သခင်မလေးစောကလျာသည် ‌နန္ဒအား မုန့်ထည့်ရန်ပန်းကန်တချို့ကို သွားယူခိုင်းသည်။ ထိုစဉ်တွင် နန္ဒဖျော်ခဲ့သော ကဖီထဲသို့ အမှုန့်တချို့ထည့်လိုက်သည်။ ဤသည်ကို နန္ဒမသိ။ နန္ဒအားနှုတ်ဆက်ရန်လာသည့် လှထွန်းက မြင်လိုက်ပါသည်။

ထို့နောက် သခင်မလေးစောကလျာသည် နန္ဒအား ကဖီခွက်များတင်ထားသော လင်ဗန်းကိုကိုင်စေပြီး ဧည့်ခန်းထဲသို့လာခဲ့သည်။ သခင်မလေး စောကလျာကမူ မုန့်ပန်းကန်အချို့ကို သယ်ဆောင်လာသည်။

ဧည့်ခန်းထဲတွင်မူ သခင်မကြီးနှစ်ဦးအား လှထွန်းတို့သားအမိသည် စကားပြောနေသည်။ လှထွန်းမှာ နန္ဒကိုမြင်သောအခါ နန္ဒအနားသို့လာခဲ့ပြီး ထမင်းစားခန်းထဲမှ ကိစ္စကို ပြောပြမည်အပြု နန္ဒကလှထွန်းအား စကားကြိုဦးစွာပြောလိုက်ပြီး ငွေကြေးတချို့ပေးလိုက်သည်။

“ လှထွန်း.. ဒါက မင်းတို့သားအမိ လမ်းမှာသုံးချင်တာသုံးဖို့ "

“ မဟုတ်တာ အစ်ကိုကလည်း.. ကိုယ့်ဘာသာကိုယ်သုံးပါ "

“ ယူသွားပါကွာ။ အစ်ကို့ဒါနလေး ဖြစ်မြောက်အောင် ကူညီတယ်လို့ သဘောထားပြီးယူသွား.. ကျန်းမာရေးဂရုစိုက်နော် "

“ ဟုတ်ကဲ့.. ဟိုလေ.. အစ်ကို.. "

သခင်မလေးစောကလျာရှိနေသည်ဖြစ်၍ ထိုကိစ္စကိုပြောရန် အဆင်မပြေခဲ့။ ထို့နောက်ဒေါ်မေမြသည် လှထွန်းအား သွားရန်လှမ်းခေါ်သည်။ အပြုံးကိုယ်စီနှင့် နှုတ်ဆက်ခဲ့သော ၎င်းတို့၏ခွဲခွာခြင်းသည် တစ်သက်တာ နှုတ်ဆက်ခြင်းကဲ့သို့ပင်။ စောကလျာ၏ စိတ်ထဲတွင်မူ တန်ဖိုးလက်ဆောင်တစ်ခုကို ရတော့မည့်သူကဲ့သို့ ၀မ်းသာလျက်။

နှုတ်ဆက်လိုက်ပါလှထွန်း။ အပြုံးတွေကို သေသေချာချာကြည့်သွားပါ။ နောက်ဆုံးအနေနဲ့ မှတ်သားထားပေါ့ကွယ်။

ဤမျှလောက် တိုက်ဆိုင်လွန်းသော ကံကြမ္မာကိုမုန်းမိပါသည်။

လှထွန်းတို့ ထွက်သွားပြီးနောက် သခင်မကြီးနှစ်ဦးသည် ကဖီသောက်ခဲ့သည်။ ကဖီသောက်ပြီး စက္ကန့်အနည်းငယ်မျှကြာသောအခါ သခင်မကြီးနှစ်ဦးလုံးသည် ထိုင်နေရင်းမှ လဲကျသွားသည်။ ပါးစပ်မှ အမြှုပ်များထွက်ပြီးနောက် ၎င်းတို့၏အသက်ရှူသံတို့ ပျောက်ဆုံးသွားသည်။ နန္ဒသည်က မလှုပ်မရှားမိဘဲ ထိတ်လန့်နေရသည်။ ထိုအချိန်တွင် စောကလျာပြုံးလိုက်သော အပြုံးကို မည်သူမျှမမြင်ခဲ့။

“ မယ်မယ်.. အရီးတော် ... ဘယ်လိုဖြစ်တာလဲ.. ဟဲ့... အိမ်တော်ထဲကလူတွေလာကြစမ်း.."

အိမ်တော်ထဲမှလူများ ‌ရောက်လာပြီးသောအခါ သခင်မကြီးနှစ်ဦး၏အဖြစ်ကိုကြည့်ရင်း ထိတ်လန့်နေသည်။

“ ဒါ.. ဒါ အဆိပ်မိတာ နန္ဒ‌ဖျော်ပေးတဲ့ကဖီကိုသောက်ပြီး ဒီလိုဖြစ်သွားတာ။ နန္ဒကို အခုဖမ်းချုပ်ထားလိုက်စမ်း... "

သခင်မစောကလျာ၏ အမိန့်ကိုကြားပြီးနောက် အစေခံတချို့မှလည်း နန္ဒအား အပြစ်တင်သည့်စကားထွက်လာသည်။

“ ဟုတ်တယ် သူအဆိပ်ခတ်လိုက်တာဖြစ်ရမယ်။ ‌ကဖီကို သူဖျော်နေတာ "

“ အစာကျွေးတဲ့ သခင်ရဲ့လက်ကိုပြန်ကိုက်တယ်ပေါ့..။ ခွေးလောက်တောင် အသိဉာဏ်မရှိဘူး.. "

“ သူကအစကတည်းက သခင်မကြီးတွေကိုမကြည်တာလေ ရေနွေးအပူလောင်တဲ့ကိစ္စကိုပဲကြည့်ပါလား။ သူမို့လို့ လုပ်ရက်တယ် "

နန္ဒသည်လည်း အလွန်ကြောက်လန့်နေသည်။ သူမကျူးလွန်သော အပြစ်အတွက် သူသည်က ပြစ်ဒဏ်ခံရမည်လေ..။

“ မဟုတ်ဘူး.. ကျွန်တော် အဲဒီလိုမလုပ်ဘူး.. ကျွန်တော်လုပ်တာမဟုတ်ဘူး.. "

‌ထိုသို့ထပ်ခါထပ်ခါ အော်ဟစ်နေသော်လည်း သူ၏စကားကို မည်သူမျှမယုံ။

“ ဘယ်သူခိုးက ခိုးတယ်လို့ပြောမလဲ.. ဘာမှလာမရှင်းပြနဲ့။ ဒါကမင်းလုပ်တယ်ဆိုတာ သက်သေတွေရှိနေပြီ။ သူ့ကိုဂိုဒေါင်ထဲ ခေါ်သွားစမ်း။ ပလိပ်တွေစစ်လားဆေးလားလုပ်ရင် သူထွက်ပြေးသွားပြီလို့ပြော။ သူ့ကို သခင်လေးကိုယ်တိုင် အပြစ်ပေးစေရမယ် "

နန္ဒကိုလည်း ဂိုဒေါင်ထဲတွင် ပိတ်ထားစေခဲ့သည်။ အိမ်တော်ရှိလူများသည်လည်း နာရေးအတွက် ပြင်ဆင်နေသည်။ ထိုစဉ် စောကလျာသည် အခန်းထဲတွင် သခင်မကြီးနှစ်ဦး၏ပုံတူပန်းချီကို ခြေထောက်နှင့် နင်းထားကာ တစ်ယောက်တည်းစကားပြောနေခဲ့သည်။

“ အသက်ရှင်ဖို့ ခက်ခဲလိုက်တာ.. သေတော့လည်းလွယ်လိုက်တာနော်။ သူများမိသားစုကို လွယ်လွယ်ဖျက်ဆီးခဲ့သလို.. သူတို့မိသားစုကြီးလည်း ပျက်စီးရတော့မှာပါလား..။ ဟား.. ဟား.. ဟား.. သူတို့မိသားစုကိုဖျက်ဆီးဖို့တော့ သိပ်မလွယ်ဘူးရယ်..။ နှစ်တွေအများကြီး သည်းခံခဲ့ရတာ။ ဒါကို ဒင်းတို့တွေက နားမလည်ဘူး.. နောက်ဆုံးတော့ ငါ့ရည်ရွယ်ချက်တွေဖြစ်လာပြီပဲ ဟား..ဟား..ဟား "

ရယ်မောသံတို့သည် နှစ်လိုဖွယ်မရှိ။ ကြောက်မက်ဖွယ်အတိ။

ညဥ့်သန်း‌ခေါင်ယံအချိန်သို့ ရောက်သောအခါ စောကလျာနှင့် ယောက်ျားနှစ်ဦးတို့သည် နန္ဒအား ဖမ်းဆီးချုပ်‌နှောင်ထားသည့် ဂိုဒေါင်ထဲသို့သွားခဲ့သည်။ နန္ဒသည် ထိုးနှက်ဒဏ်ရာများဖြင့် လဲကျနေသည်။ စောကလျာသည် ကြိုးဖြင့်တုပ်နှောင်ခံထားရသောနန္ဒအား ဆံပင်ကိုဆွဲကာ ခေါင်းမော့စေသည်။ ပြုံး၍ဆိုလာသည့် စောကလျာ၏စကားကို နန္ဒမုန်းမိသည်။

“ ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ။ ကာမပိုင်မယားရှိတာကိုတောင် ငါ့လင်ကို ခိုးရဲတယ်ပေါ့။ ယောက်ျားချင်းဖောက်ပြန်နေတာ နင်တို့မရှက်တတ်ဘူးလား "

“ ငါတို့က ဖောက်ပြန်ခဲ့တာမဟုတ်ဘူး။ မင်းမရောက်ခင်ကတည်းက ချစ်နေခဲ့တာ။ ထားပါ မင်းပြောသလိုဖောက်ပြန်တယ်ပဲ။ ငါတို့ဖောက်ပြန်တာထက် မင်းရဲ့အခုလိုယုတ်ညံ့မှုက ပိုရွံစရာကောင်းတယ် "

“ အင်း.. ငါကယုတ်ညံ့တယ်။ ဒါပေမဲ့ အဲဒီလိုယုတ်ညံ့အောင် မင်းရဲ့ချစ်ရသူမိသားစုကြီးက သင်ပေးခဲ့တာ။ ဘယ်လိုလဲ မင်းနန္ဒာကြီးရဲ့ သိပ်သိပ်ချစ်တတ်တယ်လား။ ညည်းသံတွေတောင် မထိန်းနိုင်တဲ့အထိလေ။ အဲဒီညည်းသံတွေကို ငါမနှစ်သက်ဘူး။ ငါက မင်းရဲ့ ရမ္မက်အသံတွေထက် နာကျင်လို့ ညည်းညူရတဲ့အသံကို ပိုသဘောကျတာ။ အခုတော့ကြားရတော့မယ်ထင်တယ် "

“ မင်းဘာလို့ အဲဒီလောက်ယုတ်မာတာလဲ။ ငါဘာအပြစ်တွေလုပ်မိလို့လဲ "

“ စိုင်းနဲ့ပတ်သက်မိတာကိုက နင့်အပြစ်ပဲ။ နင်က စိုင်းရဲ့မိသားစု၀င်မဟုတ်ပေမဲ့ စိုင်းအတွက် အရေးပါဆုံးသူလေ။ စိုင်းကို ပြိုလဲဖို့က နင်ရှ်ိမှကို ဖြစ်မှာ။ မထင်မှတ်ဘဲ နင်ကပိုအသုံး၀င်သွားတယ်။ သခင်မကြီးနှစ်ဦး အတွက်ရောပေါ့ "

“ အခုလိုလုပ်နေတာတွေက ဘာအတွက်လဲ.."

“ ကလဲ့စားချေချင်လို့။ တန်ပြန်သက်ရောက်မှုရစေအောင် အငြိုးတွေကိုတစ်သက်လုံးရင်မှာ ပိုက်ထားခဲ့ရဖူးတယ်။ ပါးစပ်ကထွက်လာတဲ့ စကားတစ်ခွန်းကြောင့် ငါတို့မိသားစုတွေပျက်ဆီးခဲ့ရတယ်။ ဪ.. အခုလိုပြောနေတာက ရင်ဖွင့်တာမဟုတ်ဘူးနော်။ ‌နင်အထင်ကြီးနေတဲ့ နင့်ချစ်သူကြီးရဲ့ လူမဆန်မှုကို နောက်ဆုံးအနေနဲ့ သိအောင်ပြောပြနေတာ "

“ မင်းကမှ လူမဆန်တာကွ.. ထွီ.. "

စောကလျာ၏မျက်နှာကို နန္ဒသည် တံတွေးနှင့်ထွေးလိုက်သော်လည်း စောကလျာမှာ အပြုံးမပျက်။ ထို့နောက် စောကလျာသည် မတ်တတ်ရပ်ပြီး နန္ဒ၏မျက်နှာအား ခြေထောက်နှင့် ကန်လိုက်သည်။

“ ကျွန်းပါး၀နေတယ်ပေါ့လေ။ ရာရာစစ ငါ့ကိုနင်ဒီလိုလုပ်ရဲသလား။ ‌နင်ကလုပ်ရဲတော့လည်း ငါကပြန်လုပ်ရဲရတာပေါ့။ အဲဒီရွံစရာကောင်းတဲ့ပါးစပ်က ညည်းသံတွေကို ထပ်မကြားချင်ဘူး။ ဒီကောင်ရဲ့ လျှာကိုဖြတ်လိုက်စမ်း။ နောက်ပြီး အခုငါပြောတာကိုကြားခဲ့တဲ့ သူ့နားကို ကန်းအောင်လုပ်လိုက်။ မျက်လုံးကိုတော့ သနားပေးထားလိုက်။ နောက်ဆုံးအနေနဲ့ စိုင်းထွဋ်ခေါင်ရဲ့ မျက်နှာကိုကြည့်ဖို့ပေါ့။ ငါက သိပ်မရက်စက်ပါဘူး "

စောကလျာ၏အမိန့်အား မြေ၀ယ်မကျနားထောင်သူနှစ်ဦးမှာလည်း ရက်စက်စွာပင် စောကလျာပြောသည့်အတိုင်းပင် နန္ဒအားနှိပ်စက်ကြသည်။

ထိုလူသားငယ် ဘယ်မျှလောက် နာကျင်နေရမည်နည်း။ ပင်ပန်းနေမည်နည်း။

နောက်တစ်နေ့ဖြစ်သော ကိုးရက်နေ့ညနေတွင် စိုင်းထွဋ်ခေါင်ပြန်ရောက်လာသည်။ စိုင်းထွဋ်ခေါင်မရောက်မီတွင် စောကလျာ၏လက်ပါးစေနှစ်ယောက်သည်နန္ဒအား တောထဲသို့ခေါ်သွားသည်။

စောကလျာသည် သူဖန်းတီးထားသောဇာတ်ကွက်တချို့ကို ဖြစ်ရပ်မှန်သဘောဆောင်ကာ စိုင်းထွဋ်ခေါင်အား ပြောပြာခဲ့သည်။ အစေခံတို့၏စကား၊ စောကလျာ၏စကားတို့သည် အကွက်စေ့လှ၍ ယုတ္တိတန်လှသည်။ ပို၍ယုတ္တိတန်စေသည်က စိုင်းထွဋ်ခေါင်သည် နန္ဒ၏အခန်းကို စစ်သောအခါ စားပွဲခုံအောက်မှ အဆိပ်ထုပ်ကိုတွေ့သည်။ ထို့အပြင်အ၀တ်အစားထုပ်ကိုလည်းတွေ့ခဲ့သည်။ သခင်မကြီးနှစ်ဦးကိုလုပ်ကြံပြီး‌နောက် ထွက်ပြေးရန်ကြံစီထားသည်ဟု လူတိုင်းကောက်ချက်ချလိုက်သည်။ စိုင်းထွဋ်ခေါင်သည်လည်း မယုံ၍မရ။ မိဘဇောနှင့်ဖြစ်၍ စိုင်းထွဋ်ခေါင်၏စိတ်များသည် ပို၍ထိန်းချုပ်မရ ဖြစ်နေသည်။

ထိုသို့ စိုင်းထွဋ်ခေါင်စစ်ဆေးနေခိုက်တွင် စောကလျာသည် နန္ဒရှိရာ တောအုပ်ထဲသို့ သွားခဲ့သည်။ မသွားခင်တွင် နန္ဒရှိနေသည့်နေရာကို စိုင်းထွဋ်ခေါင်အားပြောပြခဲ့သည်။

အချိန်အားဖြင့် ညကိုးနာရီထိုး‌တော့မည်။ တောအုပ်ထဲတွင်မူ အပြစ်မဲ့သူတစ်ဦးသည် ဒဏ်ရာဒဏ်ချက်တို့ဖြင့်လဲကျနေသည်။ နားနှင့်မျက်နှာတို့တွင် သွေးများကနေရာယူထားသည်။ လဲကျနေသည့်ကိုယ်လေး၏ ကျောပြင်ကိုလူနှစ်ဦးက မီးတုတ်များဖြင့် တစ်ခါတစ်ခါရိုက်နှက်နေသေးသည်။ နှုတ်ခမ်းနီရဲရဲဖြင့် ရက်စက်သည့်အသွင်ဆောင်နေသော အမျိုးသမီးတစ်ဦးသည် ထိုကိုယ်ငယ်လေး၏ရှေ့တွင်ရပ်နေသည်။

ထို့နောက် အမျိုးသားတစ်ဦးသည် ရွှေရောင်ရှိသောဓားကို ကိုင်ဆောင်လျက် ကိုယ်ငယ်လေးထံ သို့လာနေသည်။ ထိုအမျိုးသား၏မျက်နှာတွက် နာကြည်းမှုအပြည့်နှင့် ကျဆင်းနေသာမျက်ရည်တို့က နေရာယူထားသေးသည်။ ထိုအမျိုးသားသည် ဓားအိမ်ထဲမှဓားကိုထုတ်ကာ ကိုယ်‌ငယ်လေး၏ လည်ပင်းပေါ်သို့ တင်လိုက်သည်။

“ မင်း.. မင်းကွာ.. ငါမင်းကိုအတန်တန်မှာထားရဲ့နဲ့ ဘာလို့အခုလိုလုပ်ရတာလဲ။ ဘာလဲ မင်းအဘအတွက်.. မင်းဘ၀အတွက် ငါ့တို့မိသားစုက ဒီလိုဖြစ်မှ မင်းကျေနပ်မှာလား.. မင်းပြောကွ.. "

နန္ဒ၏လျှာနှင့် နားတို့ကိုအပြစ်ပေးခံရကြောင်း စိုင်းထွဋ်ခေါင်မသိပေ။

“ ငါမင်းကိုပြောလို့ ပြောနေတယ်နန္ဒ။ မင်းဘာလို့အဲဒီလောက်ရက်စက်တာလဲကွာ။ ဘာလို့လဲ။ ငါမင်းကိုသိပ်ချစ်ခဲ့တာကွ။ ရူးမတက်ပဲ။ အခုငါချစ်ခဲ့သလောက် မင်းကငါ့ကို ရက်စက်တာပေါ့လေ။ ရက်စက်ရင်လည်း ငါ့ကိုပဲရက်စက်ပါလို့ မင်းကိုခဏခဏပြောခဲ့ဖူးတယ်နော်။ ဘာလို့ ငါ့မိဘကိုမှလဲကွာ "

အော်ဟစ်ကာ ငိုကြွေးနေသည့် စိုင်းထွဋ်ခေါင်နှင့် မျက်ရည်များသာစီးကျလျက် မည်သည့်အရာမျှမတတ်နိုင်သော နန္ဒတို့ကိုကြည့်နေရသည်က စောကလျာအတွက် အရသာပင်။

ကြားချင်တယ်.. သခင်လေးရဲ့အပြစ်တင်သံတွေကို ကြားချင်လိုက်တာ သခင်လေးရယ်။ ကျွန်တော်မလုပ်ခဲ့ကြောင်းကို ရှင်းပြချင်လိုက်တာသခင်လေးရယ်..။ ကျွန်တော် သခင်လေးတို့မိသားစုကို ရက်စက်ချင်တယ်။ ဒါပေမဲ့ သခင်လေးမျက်နှာတစ်ခုတည်းအတွက်နဲ့ ကျွန်တော်အရာအားလုံးကို နောက်ဆုတ်ခဲ့ကြောင်း ပြောပြချင်လိုက်တာ.. နာကျင်လို့ ကျဆင်းလာတဲ့သခင်လေးရဲ့မျက်ရည်တွေကို သုတ်ပေးချင်လိုက်တာ..။

“ မင်း သိပ်မိုက်မဲတယ်။ မင်းက ငါမလုပ်ချင်တဲ့အရာကို လုပ်မိအောင်တွန်းပို့ခဲ့တယ်။ ငါ့မိဘအတွက်တော့ မင်းပြန်ပေးဆပ်သင့်တယ်လေ "

မျက်ရည်တို့ဖြင့်ဆိုလာသည့် စိုင်းထွဋ်ခေါင်၏စကားသည် မုန်းတီးနေ၍မဟုတ်။ မုန်းချင်ပါလျက် မုန်း၍မရဖြစ်နေသောအခါ နာကျင်နေသည့် နှလုံးသားကြောင့် ဆုံးဖြတ်ချက်တို့ခက်ခဲရသည်။ မိဘ၏သေဆုံးမှုတွင် ကျူးလွန်သူကချစ်ကသူ။ မိမိလက်နှင့် ထိုချစ်ရသူကိုအပြစ်ပေးရမည်။

မလုပ်ရက်ဘူး.. သူနာကျင်မှာ..သူသိပ်နာကျင်မှာ.. ဒါပေမဲ့ တစ်ဖက်က ငါ့မိဘ.. ဟာကွာ.. ရူးပါစေတော့လားကွာ...

“ အရမ်းချစ်တယ်ကောင်လေးရယ်။ နောက်ပြီး မင်းသိပ်ဆိုးတယ်ကွာ.. သိပ်ဆိုးတဲ့ကလေးနဲ့ နောက်ဘ၀ဆိုတာများရှိခဲ့ရင် ရေစက်ဆုံချင်သေးတယ်.. "

ထိုစကားနှင့်အတူ စိုင်းထွဋ်ခေါင်သည် နန္ဒအား ဖက်ထားလိုက်သည်။ထို့နောက် စိုင်းထွဋ်ခေါင်ကိုင်ထားသည့်ဓားသည် နန္ဒ၏ဗိုက်ထဲသို့ တဖြည်းဖြည်းနစ်၀င်လာသည်။

နာကျင်နေတဲ့သခင်လေးကို အပြစ်မတင်ရက်ဘူး။ နောက်ဆုံးအချိန်လေးမှာ ‌နွေးထွေးမှုပေးခဲ့လို့.. သခင်လေးရင်ခွင်ထဲမှာ နောက်ဆုံးထွက်သက်ကို ပေးဆပ်ခွင့်ရလို့.. ထွက်သွားတော့မယ့် ကျွန်တော့်ရဲ့ဆန္ဒကို သခင်လေးဖြည့်‌ဆည်းပေးခဲ့လို့.. လွတ်လပ်စွာ ထွက်သွားခွင့်ပေးခဲ့လို့.. သခင်လေးကို ကျေးဇူးတင်ပါတယ်..။ ကျွန်တော် လွတ်လပ်သွားပြီနော်..။

ရင်ထဲတွင်ရှိ‌သော ကြေကွဲသံစဉ်ကို တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်မကြားနိုင်.. မသိနိုင်ဘဲ ခွဲခွာသွားရသည့် ထိုလူသားနှစ်ဦးသည် မည်မျှနာကျင်နေမည်နည်း။

ကိုးရက်၊ ကိုးလ၊ တစ်ထောင့်ကိုးရာလေးဆယ်ပြည့်ခုနှစ်တွင် နန္ဒသည် လောကမှထွက်သွားပြီးနောက် စိုင်းထွဋ်ခေါင်သည်လည်း အသက်မဲ့အရုပ်နှယ် ရှင်သန်ခဲ့သည်။ ပွဲရုံကို စောကလျာကသာ ဦးစီးထားသည်။

“ မြင်ယောင်နေသေးတယ်.. ခွင့်လွှတ်နေတဲ့အကြည့်တွေကိုလေ။ သူ့ရဲ့၀မ်းနည်းမှုတွေ နာကျင်မှုတွေကိုမြင်ယောင်နေသေးတယ်။ ကောင်လေးရယ်.. တကယ်ပဲ ခွင့်လွှတ်နိုင်လားကွာ။ ကိုယ်လေ ကိုယ်ကသိပ်ရက်စက်ခဲ့တာ။ မင်ကလည်း သိပ်မိုက်မဲခဲ့တယ်ကွာ..။ ဒီလက်တွေလေ.. ဒီလက်တွေမှာ မင်းရဲ့သွေးအနံ့တွေ မပျောက်သေးဘူး။ မင်းရဲ့သွေးအနံ့တွေကိုမုန်းတယ်ကောင်လေးရယ်.. "

အော်ဟစ်နေသည့်အခန်းငယ်ထဲသို့ ၀င်လာသူကလှထွန်းပင်။

“ သခင်လေး.. အစ်ကိုက.. အစ်ကိုနန္ဒက ဘယ်လိုဖြစ်တာလဲဟင်။ ဟိုလူတွေပြောတယ်.. အစ်ကိုက အဆိပ်ခတ်တာဆို.. မဟုတ်ဘူးနော်..။ အဲဒါလုံး၀မဟုတ်ဘူး။အစ်ကိုက အဲဒီလောက်မယုတ်ညံ့ဘူး။ အဲဒီနေ့က ကျွန်တော်မြင်လိုက်တာ.. သခင်မလေးက ကဖီခွက်ထဲကို ဘာမှန်းမသိတဲ့အမှုန့်တွေထည့်လိုက်တာဗျ။ အစ်ကိုလုပ်တာ မဟုတ်ရပါဘူးဗျာ။ တကယ်ပါ.. "

လှထွန်း၏စကားကိုကြားပြီးနောက် စိုင်းထွဋ်ခေါင်သည် ကြမ်းပြင်ပေါ်သို့ ဒူးထောက်လျက်ကျသွားသည်။ နာကျင်နေသည့် ရင်ဘတ်တို့ကိုလဲ ဆုပ်ကိုင်ထားမိသည်။ စကားပင်မပြောနိုင်။ မျက်ရည်တို့သည်က မြစ်ငယ်အသွင်..။

စောကလျာအား ရှာမိသည်။ သူ၏လိမ်ညာမှုများကို မေးချင်ပါသည်။ စောကလျာ၏အခန်းထဲသို့ ၀င်မိသည်။ စားပွဲခုံပေါ်တွင် တွေ့လိုက်ရသည်က နယ်ရုပ်လေးရုပ်။ နယ်ရုပ်တို့ဖြင့်ဖိထားသော စာအုပ်ကဖွင့်လျက်ရှိနေသည်။ ထိုစာအုပ်တွင် ရေးထားသည့်စာက ရှင်းလင်းပါသည်။ ‘နယ်ရုပ်လေးရုပ်နှင့် ကလဲ့စားပြဇာတ်.. ' ဟူ၍သာ..။

ပြေးသွားမိသည်။ ကောင်လေးရှိရာသို့ ပြေးသွားမိသည်။ မြေကြီးအောက်တွင် အိပ်ပျော်နေသောကောင်လေးကို နိုးထစေရန် မြေကြီးတို့ကို လက်များဖြင့်ဖယ်ထုတ်မိသည်။ အသက်ရှူသံမဲ့စွာ အိပ်ပျော်သည့်ကောင်လေးအား ပွေ့ဖက်ထားမိသည်။ အငြိုးတကြီးရွာ‌နေသော မိုးကိုအပြစ်တင်မိသည်။

ကောင်လေး ချမ်းနေရောပေါ့...

ကျယ်လောင်သော မိုးခြိမ်းသံတို့ကို မုန်းမိပါသည်။

ကောင်လေး ကြောက်နေရောပေါ့...

အေးစက်နေသော ကိုယ်‌ငယ်လေးကို ထွေးပွေ့ထားမိပါသည်။ ‌

ကိုယ်ငယ်လေး နွေးလိုနွေးငြားပေါ့...

“ ကောင်လေး.. ချမ်းနေပြီလားဟင်.. ကိုယ်ပစ်ထားမိသလိုဖြစ်သွားတယ်.. တောင်းပန်ပါတယ်နော်..။ အကြာကြီးအိပ်မနေပါနဲ့လားကွာ ကိုယ်အရမ်းအထီးကျန်လို့ပါ။ အရင်လိုကိုယ်နဲ့ စကားတွေပြောမယ်လေနော်.."

‌တင်းကျပ်စွာပွေ့ဖက်ထားမိသည်။ သူ၏ကိုယ်လေးလွတ်သွားမည်ကို ရူးမတတ်စိုးရိမ်မိပါသည်။

“ ပန်းချီကားလေးက ကိုယ်သိမ်းထားသေးတယ်ကောင်လေးရဲ့။ ကိုယ့်ပုံတူပန်းချီလေးကို ဆွဲပေးဦးလေ ကောင်လေးရယ်..."

တောင်းဆိုမိပါသည်။ မိမိတောင်းဆိုသမျှ ငြင်းဆန်းခြင်းမရှိသည့်ကောင်လေးဖြစ်၍ ယခုမိမိတောင်းဆိုချက်များကို ကြားပါလျှင် သူပြန်နိုးလာလို နိုးလာငြား.. တောင်းဆိုနေမိသည်။

“ တောင်းပန်ပါတယ် ကောင်လေးရယ်။ အကြာကြီးအိပ်မနေပါနဲ့။ နိုးလာပေးပါနော်။ ကောင်လေးက ကျွန်လေ။ ကျွန်ဆိုတာ သခင်ရဲ့အမိန့်ကို နာခံရတယ်။ ဒါကိုယ့်ရဲ့ အမိန့်ပဲ နိုးလာပါတော့ကောင်လေးရယ် "

စိုင်းထွဋ်ခေါင်သည် အသက်မဲ့နေသောချစ်ရသူ၏ ကိုယ်ငယ်လေးကိုပွေ့ဖက်လျက် ငိုနေစဉ်တွင် အမျိုးသမီးတစ်ဦးသည် စိုင်းထွဋ်ခေါင်း၏ကျောပြင်ကို ဓားဖြင့်ခုတ်လိုက်သည်။

“ အချစ်တွေသိပ်ပေါနေလား။ ရွံစရာကောင်းလိုက်တာ။ ဘယ်လိုလဲစိုင်းထွဋ်ခေါင်။ နင့်မိသားစုတွေ အခုလိုပျက်စီးသွားတော့ ဘယ်လိုခံစားရလဲ။ ငါကလေ အဲဒီခံစားမှုကို ရှစ်နှစ်သမီးအရွယ်ကတည်းက ခံစားခဲ့ရတာ။ နင်မှတ်မိလား.. နင့်ရဲ့အသုံးမကျတဲ့ အမိန့်တစ်ကြောင့် ငါ့အကိုသေခဲ့ရတာ။ ငါ့အမေရဲ့ဆေးဖိုးလိုနေလို့ နင့်အိမ်ကပစ္စည်း ခိုးခဲ့တာကို နင်တို့က လူမဆန်စွာ နှိပ်စက်ခဲ့တာ။ ငါတို့မိသားစုလေးက ငါ့အကိုလုပ်စာနဲ့ရပ်တည်ရတာဟ။ နင်လူမဆန်လို့ ငါ့အကိုကနှိပ်စက်ခံရရင်းသေခဲ့တယ်။ ငါ့အကိုစိတ်နဲ့ အမေကလည်းဆုံးသွားတယ်။ ရှစ်နှစ်သမီးအရွယ်ငါက လမ်းဘေးရောက်ခဲ့ရတယ်။ နင်ကအဲဒီလောက်ရက်စက်ပေမဲ့ ကံကြမ္မာက ငါ့ဘက်ကရပ်တည်ပေးတော့ သူဌေးမိသားစုကငါ့ကိုမွေးစားခဲ့တယ်ဟ။ နင့်ကိုကလဲ့စားချေချင်တဲ့စိတ်နဲ့ အသက်ရှင်ခဲ့တယ်။ ဘယ်လိုလဲ နင်အခု ကိုယ်ချင်းစာတတ်ပြီလား.. ဟမ်.. "

စောကလျာ၏စကားကို ကြားပါသည်။ သိပါသည်။ သို့သော် မည်သည်မျှ ပြန်မပြောနိုင်။ ထိုမိန်းမအား မုန်းမိသည်။ မိမိအားနာကျင်စေ၍ မဟုတ်။ အပြစ်မဲ့သူကိုပါ ထိခိုက်စေမိသောကြောင့်ပင်။

ထို့နောက် ဒုတိယအကြိမ်‌ ကျောပြင်ပေါ်သို့ကျရောက်လာသည့် ဓားဒဏ်‌ရာ..။ ထိုဒဏ်ရာတို့ကြောင့် နန္ဒကိုပွေ့ဖက်လျက်ပင် စိုင်းထွဋ်ခေါင်၏အမြင်တို့သည်လည်း အမှောင်အတိဖုံးလွှမ်းသွားသည်။

စောကလျာ၏အစေအပါးနှစ်ဦးသည် စိုင်းထွဋ်ခေါင်အား‌ မြေမြှုပ်ခဲ့သည်။ ထို့နောက် စောကလျာသည် ၎င်းမြေစာပုံနှစ်ခု၏အလယ်တွင် မတ်တတ်ရပ်ကာ သူ၏ဘယ်ဘက်လက်ဖဝါးကို ဓားဖြင့်မွှန်းလိုက်ပြီး ကျဆင်းလာသော သွေးစက်တို့နှင့်အတူ ကြောက်မက်ဖွယ်စကားဆိုလိုက်သည်။

“ ဘဝအဆက်ဆက်.. နင်တို့တွေဘယ်တော့မှမပေါင်းဖက်ရပါစေနဲ့လို့ ငါ့သွေးနဲ့ကျိန်ဆိုတယ်.."

ထိုစကား၏အဆုံးတွင် ကောင်းကင်၌လည်း လျပ်စီးများဖြာထွက်လာသည်။ မိုးခြိမ်းသံများသည်လည်း တစ်လောကလုံး မြည်ဟီးနေသည်။

“ နင်တို့က ငါ့လက်ထဲက နယ်ရုပ်တွေ။ ငါ့စိတ်ကြိုက်ကစားခွင့်ရတယ်။ စိတ်ကြိုက်ခြယ်လှယ်ခွင့်ရှိတယ်။ အခုခြယ်လှယ်ပြီးပြီမို့လို့ အသုံးမလိုတော့ဘူး "

စောကလျာသည် လက်ထဲမှ နယ်ရုပ်လေးရုပ်ကို ပစ်ချကာ ‌နင်ချေသွားသည်။ သူနင်းချေသွားသော နယ်ရုပ်တို့တွင် သက်ဆိုင်သူတို့၏ နှလုံးသားနှင့် အသက်တို့သည်လည်းပါ၀င်နေသည်။ ထိုဖြစ်ရပ်တို့ကို အလည်သွားမိသည့် မြတ်သူသည်လည်း ရင်ကွဲလုမတတ်...။

Amiss Prayer (Zawgyi&Unicode) [Completed]Where stories live. Discover now