*Please be careful, my readers. This episode contains scenes of brutal murder, violence and nudity that may not be suitable for young readers*
__________________________________________
မနှစ်မြို့ဖွယ်အခြေအနေမှာတောင် မင်းကလှပနေဆဲ။ လာရကျိုးနပ်ပြီထင်ပါရဲ့။
🥀
အိမ်ကြီးထဲသို့ ခြေချလိုက်သည်နှင့် မနှစ်မြို့ဖွယ်အငွေ့အသက်ကြီးနှင့်အတူ အပြင်ထက် သုံးဆလောက်ပိုတဲ့ အအေးဓာတ်က ဆီးကြိုလို့နေသည်။ ဘေးဘီဝဲယာကို ဝှေ့ကြည့်လိုက်တော့ ပြတင်းပေါက်တွေရှိမနေ။ မြင်နေရတဲ့ ရှေ့တည့်တည့်က စင်္ကြံလမ်းသည် မှောင်ပိန်းကာ လမ်းတလျှောက်ရှိ ပြတင်းပေါက်များသည်လည်း တစ်ထပ်စာအမြင့်ရှိသည့် လိုက်ကာစများဖြင့် ကာထားခြင်းကိုခံရသည်။
ခြုံပြောရရင်ဖြင့် အောက်ထပ်တထပ်လုံးဟာ အမှောင်အတိချထားသလားပင်။ ပြတင်းပေါက်တိုင်းရဲ့ဘေးတဖက်တချပ်စီမှာ မီးဆိုင်းလေးတွေရှိပေမယ့် မီတာခကုန်မည်စိုး၍လားတော့မသိ အိမ်ကြီးရှင်တို့က ပိတ်ထားကြ၏။ အိမ်အပေါက်ဝက မီးဆိုင်းနှစ်ခုကြောင့်သာ လူရုပ်သူရုပ်လောက် မြင်ရခြင်းဖြစ်သည်။
အစောတုန်းက လက်ကမ်းပေးခဲ့တဲ့အမျိုးသားက ချယ်ယောင်းရဲ့ချွတ်လက်စ ကုတ်အင်္ကျီကို အသာကူချွတ်ပေးကာ ဘေးနားက မတ်တပ်အဝတ်တန်းတခု၌ ချိတ်ထားပေးသည်။ သူက အရင်ဦးညွှတ်နှုတ်ဆက်လိုက်ပြီး
"ကျွန်တော့်နောက်လိုက်ခဲ့ပါ အထဲမှာ သခင်မကြီးစောင့်နေပါတယ်"
"သခင်မကြီး?"
အံ့ဩမှုအနည်းငယ်စွက်နေတဲ့ သူမရဲ့စကားကိုကြားတော့ သူကခေါင်းညိမ့်ပြီးပြုံးပြသည်။ အခုခေတ်အထိ ဒီလိုကြီးတွေသုံးနှုန်းတဲ့အပေါ်တော့ ချယ်ယောင်း အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။ သူမရောက်ကတည်းက စူးစမ်းနေခဲ့သည့် ဤအိမ်ပုံစံမှာ ဒုတိယကမ္ဘာစစ်ဝန်းကျင်လောက်တွင်တွေ့ရတတ်သော ကနုတ်ပန်းအခက်အလက်များပါဝင်သည့် ကျွန်းစံအိမ်ကြီးတွေနှင့် ဆင်လှသည်။ ခေတ်အဆက်ဆက်နေခဲ့ဖူးသည့် ရှေးရိုးစွဲမိသားစုကြောင့်လား၊ စံအိမ်ရဲ့အသွင်အပြင်မပြောင်းမလဲရှိနေသေးလို့ အခေါ်အဝေါ်တွေမပြောင်းကြတာလား ဆိုသည့် အတွေးနှစ်ခုက သူမဦးနှောက်ထဲ နေရာယူလာသည်။