ကျွန်တော့်ကို လူတိုင်းက ပြောကြတယ်။ ကျွန်တော်က အပြစ်ကင်းတဲ့ အဖြူထည်လေးလိုပဲတဲ့။ သူတို့တွေ ကျွန်တော့်ကို ကာကွယ်ပေးချင်ကြတယ် အစ်ကို။ ကျွန်တော်ဖြင့် ရယ်ချင်လိုက်တာ။ ကျွန်တော်က သူတို့ ကာကွယ်ပေးမှ အန္တရာယ်ကင်းမယ့် လူမို့လို့လား။
ဒါကြောင့်လည်း ကျွန်တော့်ကို ကာကွယ်ပေးမယ့် အရိပ်အရောင်တွေ မရှိတဲ့ အစ်ကို့ကို သဘောကျခဲ့မိတာ ထင်ပါရဲ့။ အစ်ကို သိလား။ ကျွန်တော်က အစ်ကို့မျက်နှာပေါ်က ထီမထင် အပြုံးတွေကို သိပ်သဘောကျခဲ့တာ။ ကျွန်တော်သန်မာချင်ခဲ့တာ ကျွန်တော့်အတွက် မဟုတ်ဘဲ ကျွန်တော့်ကို ကာကွယ်တာထက် ပိုသန်မာအောင် လေ့ကျင့်ပေးခဲ့တဲ့ အစ်ကို့ရဲ့ အပြုအမူတွေကြောင့်ဆိုတာ အစ်ကို သိမယ် မထင်ပါဘူး။ အစ်ကို့ရဲ့ အမြဲ မှုန်မှိုင်းနေတဲ့ အငွေ့အသက်တွေက သိပ်ပြုစားလွန်းတယ် အစ်ကို။ ဒါကြောင့်ပဲ ကျွန်တော် ဒီအခန်းထဲက မခွာနိုင်သေးတာနဲ့ တူပါတယ်။
ဒါနဲ့ အစ်ကို။ အရင် အစ်ကိုနေခဲ့တဲ့ ဟိုဘက်အခန်းမှာ လူရှိနေသလိုပဲ။ ထားပါ။ လူရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ။ ကျွန်တော် ဝရံတာ ထွက်တိုင်း အစ်ကို ရှိတုန်းကလိုပဲ... ကျွန်တော် ပြုံးမယ်။ အစ်ကို ရှိတုန်းကလိုပဲ... ကျွန်တော် ကောင်းကင်ကြီးကို ငေးမယ်။ အစ်ကို ရှိတုန်းကလိုပဲ... စကားတွေ ပြောမယ်။ အစ်ကို ရှိတုန်းကလိုပဲ... အင်း... စီးကရက်နံ့တွေ ကျွန်တော်မကြိုက်တဲ့အကြောင်း၊ အဖြူရောင်နဲ့ အစ်ကို့ကို မြင်ချင်တဲ့အကြောင်းတွေ ပြောဖြစ်နေသေးတာပေါ့။ အစ်ကို ရှိစဉ်တုန်းက ကျွန်တော် မပြောပြဖြစ်ခဲ့တဲ့ အကြောင်းတွေ အများကြီးပေါ့ အစ်ကို။
ဒါနဲ့ အစ်ကို။ အစ်ကို မကြားနိုင်တော့မှန်း သိပေမဲ့လည်းလေ... အစ်ကို မသိသေးဘူးထင်လို့ ကျွန်တော် ပြောပြဦးမယ်။ အစ်ကို့ ရှေ့မှာတော့ ကျွန်တော်က စိတ်ကူးယဉ်ဆန်တဲ့ ကောင်လေး၊ အနုပညာကို သက်ဝင်ယုံကြည်တဲ့ ကောင်လေး၊ အစ်ကို့ပေါ် သိပ်အနစ်နာခံ တွယ်တာရှာတဲ့ ကောင်လေးပေါ့။ အစ်ကို့ကို ချည်နှောင်ချင်တဲ့ အတ္တတွေကို အစ်ကို မမြင်အောင် သိမ်းဝှက်ထားနိုင်တာတော့ ကျွန်တော့်ရဲ့ အရည်အချင်းပေါ့ အစ်ကို။ အစ်ကိုတစ်ယောက်တည်းအတွက် ယုန်ဖြူလေးနဲ့တူတဲ့ အစ်ကို့ ကောင်လေးက အစ်ကို့ကွယ်ရာမှာ မျက်နှာဖုံး ချွတ်လိုက်ရင် မြေခွေးတစ်ကောင် အဖြစ်ပြောင်းလဲသွားနိုင်တယ်ဆိုတာ အစ်ကို ဘယ်သိနိုင်ပါ့မလဲ။
YOU ARE READING
The Shadow Under the Light (Completed)
Mystery / Thrillerထွက်သွားတဲ့သူနဲ့ ကျန်ရစ်ခဲ့တဲ့သူဆိုရင် ကျန်ရစ်ခဲ့တဲ့သူက ပိုပင်ပန်းခဲ့ရသတဲ့လား။