Unicode
အနည်းငယ်အေးစိမ့်သောမနက်ခင်းတစ်ခုဝယ် အသက် ၁၀နှစ်ခန့်ရှိသော ကလေးငယ်တစ်ဦး ပြတင်းပေါက်ကိုငေးကြည့်နေ၏။ သူ၏မျက်ဝန်းတို့ကား ညှိုးငယ်နေပါ၏။တခါတရံမှာ မျက်ရည်အချိူ့ ဝဲရစ်နေတက်သည်။
"သားငယ်!"
အခန်းဝကအမေ့ရဲ့ခေါ်သံကြား၍ Draco လှည့်ကြည့်လိုက်သည်။မျက်ဝန်းပြာပြာလေးတွေကတဆင့် အမေ့ကိုပြုံးလိုက်ပြီး ပြတင်းပေါက်ကိုဆက်ငေးနေလိုက်တယ်။
ဒီနေ့လည်း သူတို့အတင်းအကြပ်ခိုင်းကြဦးမှာပေါ့...။
ကျယ်ဝန်းလှတဲ့ခြံဝန်းကြီးထဲဝယ် စံအိမ်နှင့် ဥယျာဥ်သာရှိ၍ အရာရာဟာ အထီးကျန်ဖွယ်...။
ဒီပတ်ဝန်းကျင်ကို Draco သဘောမကျပါ၊သို့သော် ဖခင်၏အမိန့်စကားအရ နေရမည်ဖြစ်တာကြောင့် ငြင်းဆန်ခွင့်မရှိ။ ပြန်တွန်းလှန်ခွင့်မရှိ...၊အရာရာဟာ သူတို့စိတ်တိုင်းကျ။"စာလာဖတ်တော့လေ အဲ့မှာဘာလုပ်နေတာလဲ"
"ဟုတ်ကဲ့ အခုလာပြီ"
နေ့တိုင်းလိုလို Draco သဘောမကျတဲ့အရာတွေသူတို့လုပ်ခိုင်းကြတယ်။သေနတ်မပစ်ချင်ဘူးပြောပေမဲ့ သူတို့အတင်းပစ်ခိုင်းတယ်။သူတို့လေ့ကျင့်တဲ့အနေနဲ့ပစ်ခိုင်းတဲ့အခါ ဥယျာဥ်ထဲက ငှက်လေးတွေကသနားစရာ။Draco မကြိုက်တဲ့စာပေတွေနေ့တိုင်းဖတ်ခိုင်းတယ်။အသက် ၁၀နှစ်အရွယ်ကလေးက စီးပွားရေးစာပေတွေဖတ်စရာမလိုဘူးမဟုတ်လား။ သူတို့ဂုဏ်အတွက် Draco ကိုပုံစံခွက်ထဲထည့်ကာ လိုသလိုပုံသွင်းကြသည်။ ကျောင်းသွားတိုင်းသူငယ်ချင်းမရှိတာဘာကြောင့်လဲ သူတို့မေးကြတယ်။ Draco ရဲ့ပျော်ရွင်မှုတွေဘာလို့ပျောက်ဆုံးလဲသူတို့မမေးဘူး။
"အားနေ အဲ့ပြတင်းပေါက်ကိုပဲကြည့်!
ဘာမှထူးချွန်လာမှာမဟုတ်ဘူး"အမေဖြစ်သူရဲ့ဆူပူသံကြောင့် Draco ရဲ့အပြာရောင်မျက်ဝန်းတို့ညှိုးငယ်သွားသည်။ သူသဘောကျတဲ့အရာတိုင်းဟာ ဘာလို့အပြစ်ဖြစ်နေရတာလဲ။
စံအိမ်နဲ့ကျောင်းအပြင်ဘယ်မှထွက်သွားခွင့်မရှိတဲ့ Draco အတွက် ပြတင်းပေါက်က သူ့မျော်လင့်ချက်တွေမွေးဖွားရာ။
ပြတင်းပေါက်အပေါ်ကနေပျံသန်းသွားတဲ့ငှက်တွေဟာ သူ့ရဲ့စံပြပုဂ္ဂိုလ်။ပြာလဲ့လဲ့ကောင်းကင်ကတိမ်တွေဟာ သူ့ရဲ့စကားပြောဖော်။
