'ကိုရှ'
ကျွန်မ တစ်စွန်းတစ်စမှတ်မိနေသေးတဲ့ သူ့အသံလေးက ကွဲရှရှလေးမို့ ကျွန်မသူ့ကို ကိုရှ လို့ နာမည်ပြောင်ပေးထားတယ်။
'မယ်ရှ'
ကိုရှ နဲ့ couple name ဖြစ်အောင် ကျွန်မကိုကျွန်မ မယ်ရှ လို့သုံးမယ်။
.
.
.
.
'ကိုရှ' ဆိုတဲ့နာမည်ကို ကိုရှ သာရှိရင် သဘောကျမယ်ထင်တယ်။ မယ်ရှ ကသာ နာမည်ပြောင်တွေပေး စိတ်ကူးတွေယဉ်နေတာ။ လက်တွေ့မှာတော့ ကိုရှရဲ့နာမည်အပြည့်အစုံကို တစ်ခါမှအသံထွက်မခေါ်ဖူးခဲ့ဘူး။ ဘာလို့မခေါ်ခဲ့လဲမေးရင် အကြောင်းပြချက်အခိုင်အလုံမရှိဘူးလို့ပဲ ပြောရမလား မယ်ရှရဲ့ မပြတ်သားတဲ့စိတ်ကြောင့်လို့ ပြောရမလား။ ဟုတ်ပါတယ်။ မယ်ရှမပြတ်သားခဲ့ဘူး။ ကိုရှစကားပြောဖို့ကြိုးစားတိုင်း မယ်ရှငြင်းဆန်ခဲ့တယ်။ ကိုရှရှေ့ရောက်ရင် အ,အတစ်ယောက်လို ဘာဆိုဘာမှပြောမထွက်ခဲ့ဘူး။ ခေါင်းငုံ့ အကြည့်လွှဲနေတာကလွဲပြီး တခြားဘာအပြုအမူမှ မရှိခဲ့ဘူး။ အဆိုးဆုံးပြောရရင် မယ်ရှ ကိုရှနဲ့ နှစ်စက္ကန့်ထက်ပိုပြီး အကြည့်ချင်းမဆုံဖူးဘူး။ အဲ့ဒါကြောင့် အခု ကိုရှမျက်နှာကို မမှတ်မိတော့ဘူးလို့ပြောရင် ယုတ္တိဆန်မယ်ထင်တယ်။မိန်းကလေးဘက်က ချစ်တယ်လို့ပြန်မပြောမချင်း တစ်ဖက်သတ်အချစ်လို့မှတ်ယူမယ်ဆိုရင် ကိုရှ မယ်ရှကို တစ်ဖက်သတ်ချစ်ခဲ့တာ ဆယ်စုနှစ်တစ်ခုပြည့်လုနီးဖြစ်မယ်ထင်တယ်။ လက်ခံစကားပြောဖို့တောင်မဟုတ် မျက်နှာချင်းတောင်မဆိုင်တဲ့ မယ်ရှကို ကိုရှဘက်က အရမ်းကပ်တွယ်တာမျိုးမရှိခဲ့ဘူး။ အမှတ်မထင်ဆုံတဖြစ်ရင်တောင် ကိုရှဘက်က အရင်ရှောင်ထွက်သွားပေးတာမျိုး။ မယ်ရှစိတ်အနှောင့်အယှက်ဖြစ်မယ့် အပြုအမူတွေ မလုပ်တာမျိုး။
ပြောရရင် မယ်ရှက စန်းပွင့်တဲ့သူ။ ကိုရှအပြင် မယ်ရှကို လိုက်တဲ့သူတွေရှိပေမယ့် ကိုရှလောက် မယ်ရှအပေါ်တွေးပေးမယ့်သူ မရှိခဲ့ဘူး။ မိသားစုအသိုင်းအဝိုင်းနဲ့ အချိန်နေအချိန်ခါကြောင့်သာ မယ်ရှ ကိုရှကို ငြင်းနေခဲ့တာ။ ကိုရှရဲ့မျက်နှာကို စေ့စေ့မကြည့်ရဲပေမယ့် ကိုရှရဲ့နောက်ကျောကို ခိုးခိုးကြည့်မိတယ်။ ကိုရှရဲ့အသံတွေကို စူးစိုက်စွာနားထောင်ခဲ့တယ်။ အချည်အနှောင်တွေကြားကလွတ်မြောက်ဖို့ ရုံးကန်နေပေမယ့် ရုံးထွက်ဖို့ခွန်အားမရှိတဲ့ အတောင်မစုံသေးတဲ့ ငှက်ငယ်တစ်ကောင်အလား မယ်ရှ ထိန်းချုပ်ခဲ့တယ်။ ထိန်းချုပ်နိုင်ခဲ့တယ်။
အခုတော့ မယ်ရှကိုသိပ်ချစ်ခဲ့တဲ့ ကိုရှမရှိတော့ဘူး။
မာနကြီးတဲ့မယ်ရှကို ငြီးငွေ့သွားတာမျိုးမဟုတ်သလို အသစ်တွေ့သွားလို့ စွန့်ခွာသွားတာမျိုးလည်းမဟုတ်ဘူး။ ကိုရှ မယ်ရှကို သေကွဲခွဲခဲ့တာ။ အရမ်းကိုရက်ရက်စက်စက် ထားပစ်ခဲ့တာ။ နှုတ်ဆက်ခွင့်တောင်မပေးဘဲ အပြီးအပိုင် ထွက်သွားခဲ့တာ။ ကိုရှအပေါ် ထားတဲ့ မယ်ရှရဲ့ခံစားချက်တွေကို ထုတ်မပြောသေးခင် ထားသွားရက်ခဲ့တာ။ မယ်ရှ ကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်အောင် ဒဏ်ခတ်ခဲ့တာ။ အရမ်းတစ်ကိုယ်ကောင်းဆန်တယ် ကိုရှရာ။
.
.
.
.
မယ်ရှ ကိုရှထက် အသက်နှစ်နှစ်ကြီးနေပြီ။ နောက်လဆို မယ်ရှ ဆယ်ရှစ်နှစ်ပြည့်ပြီ။ မယ်ရှအရင်ကထက် အရပ်လည်းပိုရှည်လာသလို လူကြီးရုပ်လည်းပေါက်နေပြီ။ ကြာလာရင် ကိုရှ ကနေ မောင်လေးရှ တူလေးရှ မြေးလေးရှ လို့ ခေါ်ရတော့မယ်ထင်တယ်။ အခုတောင် မယ်ရှကနေ မမကြီးရှ ဖြစ်နေပြီ မောင်လေးရှရဲ့။
မမကြီးရှ အိပ်မက်ထဲကို မကြာခဏလာလည်လှည့်ပါ မောင်လေးရှရယ်။ မမှတ်မိတော့တဲ့မျက်နှာလေးကို ခဏဖြစ်ဖြစ်တွေ့ရင် ပြန်မှတ်မိမလားလို့။ အရင်အိပ်မက်တွေတုန်းက မောင်လေးရှရဲ့ကျောပြင်နဲ့ အသံပဲကြားနိုင်ခဲ့တယ်။ ဒီတစ်ခေါက်အိပ်မက်ကိုတော့ အရင်လို ဝိုးတဝါးမဖန်ဆင်းလိုက်ပါနဲ့။ မမှတ်မိတဲ့မှတ်ဉာဏ်ကြောင့် မမကြီးရှ မနက်အိပ်ယာနိုးတိုင်း မငိုချင်တော့ဘူး။ ဒီတစ်ခါဆို မောင်လေးရှ အိပ်မက်ထဲကပျောက်မသွားခင် "***ငါနင့်ကိုချစ်တယ်"လို့ အကျယ်ကြီးအော်ပြောပြီး အတင်းကို ဖက်တွယ်ထားမှာ။ဒီတစ်ခါပဲ။ နောက်တစ်ခေါက်ထပ်ပြီး မတောင်းဆိုတော့ဘူး။ ဘယ်သူမှမသိခဲ့တဲ့ ကိုရှအပေါ်ထားတဲ့ မယ်ရှရဲ့ခံစားချက်တွေကို မယ်ရှနှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာမြှုပ်နှံလိုက်မှာမို့။ ကိုရှကို မေ့ပစ်ဖို့ ကြိုးစားတော့မှာမို့။
_____________________The End
Thz y'all~♡
Sep 26, 2020
3:45AM
YOU ARE READING
Ko Sha
Short Storyအနည်းဆုံးတော့ နှုတ်ဆက်ခွင့်ပေးသင့်ပါတယ် ကိုရှ ရယ်။ *Very short story with only one episode *Hope y'all like this short story *True story