18

11.9K 1.8K 164
                                    

နာရီလက်တံက တရွေ့ရွေ့ လှည့်လို့လာသည်။ အပြင်ဘက်မှာ အလင်းရောင်ပင်မရှိတော့။ ရာဇာလည်း အနည်းငယ် မောဟိုက်လို့နေပါသည်။ ရပ်ကွက်ပတ်ကာ ရှာထားသည့်အပြင် အထက်တန်းတုန်းက သူ့သူငယ်ချင်းအချို့အိမ်များကိုပါ ပတ်ရှာထားခြင်းပင်။ ဖုန်းကလည်း ခေါ်တိုင်း လူကြီးမင်းနှင့် တိုးသည်။

မတတ်သာတဲ့အဆုံး ဆုံးဖြတ်ချက်တစ်ခုကို ရာဇာ ချလိုက်သည်။

"ဟုတ်တယ်..ဒီလိုဆို အဆင်ပြေမှာပါ..အဓိကက မာန်ပြည့် ဒီည ငါ့အိမ်ကို ရောက်လာဖို့ပဲ"

သူ့ကိုယ်သူ အားပေးတာ သူ့ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ရတော့သည်။

"ကိုကိုရေ!!!ကိုကို!!သရဲ...အီး..သရဲ ခြောက်တယ်"

မာန်ပြည့်ပူမိကာ မှိုင်နေသည့် ရာဇာ့နားကို ပန်ပန်က မျက်ရည်စက်လက်ဖြင့် ရောက်လာသည်။

"ရှူး..အမေ အိပ်နေပြီ"

"ဟုတ်..ကိုကို..သရက်ပင်ပေါ်က သရဲခြောက်တယ်"

"ဘယ်က သရဲလဲ"

"မသိဘူး..ကိုကြီး မာန်ပြည့်ပြောဖူးတယ် အဲ့သရက်ပင်မှာ သရဲရှိတယ်တဲ့..ပန် အိမ်သာတက်ပြီး ထွက်လာသော သစ်ကိုင်းက လှုပ်နေတာ ငှက်ထင်လို့ မော့ကြည့်လိုက်တာ အရိပ်ကြီး..ကြောက်တယ်"

ပန်ပန်က သူ့အား ပြောပြရင်း မျက်ရည်စတို့က ထပ်ထွက်လာသည်။ ရာဇာလည်း အနည်းငယ် ကျောတွန့်သွားသည်။
မာန်ပြည့်တို့က ဒီရပ်ကွက်ထဲ အရင်နေတဲ့သူများဖြစ်ပြီး ရာဇာတို့ မိသားစုက နောက်မှ ရောက်လာခြင်း ဖြစ်သည်။ မာန်ပြည့် ပြောတာလည်း ဖြစ်နိုင်ပါသည်။

"လာ..သွားကြည့်မယ်"

ပန်ပန့် လက်ကိုဆွဲကာ အိမ်နောက်သို့ သွားရန်ပြင်တော့ ပန်ပန်က သူ့လက်ကို လွှတ်ချသည်။

"လာပါ ပန်ပန်ရဲ့..ကိုကို တစ်ယောက်တည်း မကြည့်ရဲလို့"

ထိုအခါမှ မဲ့တဲ့တဲ့လေး ထလိုက်လာသည်။
အိမ်နောက်ဖေးသို့ ဆင်းသည့် လှေကားမှာ မောင်နှမနှစ်ယောက် ကုတ်ချောင်း ကုတ်ချောင်း ဖြစ်နေသည်။ မာန်ပြည့်ကို စိတ်ပူနေသည့် အပူများပင် အနည်းငယ် လျော့သွားရသည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Donde viven las historias. Descúbrelo ahora