20

12.7K 1.8K 188
                                    

သစ်သားပြား တစ်ချပ်နှင့်တစ်ချပ်ပူးထားသည့် ကြားပေါက်များမှတစ်ဆင့် မနက်ခင်းအလင်းရောင်က ရာဇာ့ လိုက်ကာစ အခန်းလေးထဲ ဖြာဝင်လာသည်။

မျက်လုံးမဖွင့်ခင် ဦးစွာလုပ်မိသည်က အပျင်းကြောဆန့်ခြင်းပင်။ လက်နှစ်ဖက်ကို ဆန့်ထုတ်တော့ ညာဘက်လက်က မာန်ပြည့်ခေါင်းကို ထိမိသွားသည်။

မာန်ပြည့်က သူ့ဆီ အဖြေလာတောင်းရင်း ဝင်အိပ်သွားခြင်းဖြစ်သည်။ အမှိုက်ကန်ရှင်းသည့်နေ့က သူတစ်ယောက်တည်း ပြောမိသည့် စကားကို သတိရသွားသည်။

ဒီကောင်ယူတဲ့ မိန်းမကတော့ မနက်ခင်းမှာတင် ဒီကောင်ရုပ်မြင်ကာ လန့်သေနိုင်သည်ဟု သူပြောဖူးသည်။ ယခု ပြန်တွေးတော့ အဲ့မိန်းမနေရာမှာ သူများ ဖြစ်သွားလျှင်။

ရာဇာ့ မဟုတ်သည့်အတွေးများကို ခေါင်းခါကာ ဖယ်ထုတ်လိုက်ရသည်။

ပါးစပ်ကြီးဟကာ အိပ်နေသော မာန်ပြည့်ကို မ စရ နောက်ရ သည်မှာ ကြာခဲ့ပြီ။ အပျင်းကြောကို တစ်ဝက်တစ်ပြတ်ဆန့်ကာ အိပ်ရာထက်မှ အလျင်အမြန် ထလိုက်သည်။

"အမေ..ကန်စွန်းရိုးလေး ဘာလေး မရှိဘူးလား"

မီးဖိုချောင်တွင် မီးသွေးမီးဖိုနား ဟင်းထိုင်ချက်နေသည့် အမေ့ဆီ လိုအပ်သည့် ပစ္စည်း ကိရိယာကို သွားတောင်းလိုက်သည်။

"အခုပဲ ကန်စွန်းရွက်ခြွေထားတာ အမှိုက်တောင်းထဲမှာ ရှိတယ် သား"

အမှိုက်တောင်းထဲမှ ကန်စွန်းရိုး သုံးလေးခု နှိုက်ကာ အခန်းထဲ ပြန်ဝင်တော့ အိပ်စရာ နေရာအနည်းငယ် ကျယ်သွားသည့် မာန်ပြည့်က ခြေကားယား လက်ကားယားပင်။

ဟနေသည့် မာန်ပြည့် ပါးစပ်ထဲကို ကန်စွန်းရိုး ထိုးထည့်လိုက်သည်။ အိပ်မောကျနေသည့် ကာလနဂါး သားပေါက်က ပါးစပ်ထဲရောက်လာသည့် အရာကို ဘုမသိဘမသိ ဝါးသည်။

ရာဇာ အသံတိတ်ရယ်ရ၍ အသက်ရှုပင်အောင့်လာသလို ရှိသည်။ နှာခေါင်းပေါက်ထဲကို ကျန်သည့် ကန်စွန်းရိုး ထိုးထည့်လိုက်တော့ မာန်ပြည့် နိုးလာတော့သည်။

"ဘာလဲကွာ.."

ပါးစပ်ထဲက စိမ်းရင့်ရင့်အရသာများကို ထွေးထုတ်ပြီး နှာခေါင်းထဲက ချွန်ထွက်နေသည့် ကန်စွန်းရိုးကို မာန်ပြည့်က ဖယ်လိုက်သည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Onde histórias criam vida. Descubra agora