Unicode
အပိုင်း - ၈ : တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက်ခြင်းဆိုတာဟာ နွေးထွေးလွန်းတယ်...။
"ဒါကနေ့ဘက်ဈေးပေါ့ ဟုတ်လား"
သူ့ကို လှည့်မေးလာသည့် ရွှေကသစ်ကို ဇော်ဂျီသည် ခေါင်းညိတ်ပြ၏။ လမ်းသည် လူရှုပ်လျက်ရှိ၏။ ဈေးလမ်းတွင် ဈေးသည်များသည် ခုံငယ်များကို ဈေးဆိုင်ခန်းများသဖွယ် အသုံးပြုကာ ရောင်းချလျက်ရှိနေကြသည်။ ရွှေကသစ်သည် မြေညီညီဖို့ထားသည့် လမ်းပေါ်တွင် လျှောက်ကာ ဘေးဘီဝဲရာသို့ ကြည့်နေခဲ့၏။
ရှေးပုဂံခေတ်၏ ဝတ်စားဆင်ယင်မှုပုံစံက အိန္ဒိယမှဆင်းသက်လာ၍လားမသိ သူတို့၏ အဝတ်အစားများသည် ဆာရီပုံစံမျိုးနှင့် အနည်းငယ်တူနေသည်။ အဝတ်အစားများနှင့် အဆင်တန်ဆာများကို သူမသည် လိုက်ကြည့်နေခဲ့၏။ တစ်ဦးနှင့်တစ်ဦး၏ ဝတ်စားဆင်ယင်မှုသည် မတူညီကြ။ ကြည့်ရသည်မှာ ထိုခေတ်အခါက သူမတို့ ယနေ့ခေတ်တွင်လို အဆင့်အတန်းကွဲပြားမှုများကို သူတို့သည် အဆင်တန်ဆာများနှင့်ဆင်ယင်ထုံးဖွဲ့မှုများဖြင့် ပေါ်ပေါ်ထင်ထင် ခွဲလို့ရလောက်သည်။
အင်း ငါတို့ခေတ်မှာလို JJ ဘောင်းဘီဝတ်လဲ ပိုက်ဆံရှိတယ် ဆိုတာမျိုးတွေတော့ ဒီမှာမပါလောက်ဘူး။
စဉ်းစားနေရင်းဖြင့် သူမသည် ဟိုကြည့်ဒီကြည့်ဖြင့် လျှောက်နေလေ၏။ သူမကို ဇော်ဂျီမှ ရုပ်ပြောင်းရုပ်လွဲ အတတ်ပညာဖြင့် အခြားသူများ မမှတ်မိအောင် ကူညီပေးထားသဖြင့် ရွှေကသစ်သည် ဈေးလမ်းထဲတွင် အေးဆေးစွာ လျှောက်၍ရနေခဲ့သည်။ မဟုတ်လျှင် သူမသည် ကျိန်းသေပေါက် နွေယဉ်မင်းမျက်နှာဖြင့် မြို့ထဲတွင် ရှိနေသည့်အတွက် လူစိတ်ဝင်စားခြင်းကို ခံရပေလိမ့်မည်။
"ဒီနေ့ည အိမ်တော်မှာ နှောင်းယဉ်မင်းအရှင်မလေးရဲ့ လက်ဆက်ပွဲရှိတယ်လို့ပြောတယ်"
နှောင်းယဉ်မင်း?
အတင်းအဖျင်းနှင့်သတင်းစုံလင်သည့် အရပ်သည် ဈေးနှင့် စားသောက်ဆိုင်လိုမျိုး အရပ်တွင်ဖြစ်သည်။ ထို့အတွက် သူမ ရင်းနှီးသည့်အမည်နှင့် ခပ်ဆင်ဆင်အမည်ကို ကြားလိုက်ရချိန်တွင် ရွှေကသစ်တစ်ယောက် ခေါင်းထောင်သွား၏။ အသံလာရာဘက်သို့ ရွှေကသစ် မသိမသာအကဲခတ်လိုက်ပေသည်။