အပိုင်း၁

509 23 0
                                    

(၁)
စာရိတ္တအချိန်၌ ဖြစ်သည် ။ ဆရာမသည်
လောကနိတိ စာအုပ်ကြီးကို ကိုင်ကာ
ငါးပါးသီလဟူသော အကြောင်းအရာကို ရှင်းပြနေ၏ ။
ထို့အပြင် ထိုငါးပါးသီလကို မစောင့်ထိန်းပါက
အဘယ်သို့ ဒဏ်သင့်ရပုံတို့ကိုပါ တပါတည်း
ဟောလေသည် ။ ပါဏာတိပါတာ
အကြောင်းကို ရှင်းပြပြီးသောအခါ သူတစ်ပါး
အသက်ကို သတ်သောသူသည် ငရဲကျတတ်ကြောင်း ။
ထို့အပြင် ယခုဘဝ၌ ဖြစ်စေ ၊
နောက်ဘဝ၌ဖြစ်စေ အနာရောဂါထူပြော၍ အသက်တိုတတ်ကြောင်းကိုလည်း ပြောသည် ။
ရဲရဲယုသည် သူ့နံဘေး၌ ထိုင်နေသည့် နွေးနွေးကို
လှစ်ခနဲ ကြည့်လိုက်မိသည် ။ နွေးနွေးက
အင်မတန် ရောဂါထူသည့် မိန်းကလေး ။
ခဏခဏ ဗိုက်စူးလိုက် ၊ ဖျားလိုက် ၊
ခေါင်းကိုက်လိုက်နှင့် နှစ်ပတ်မှာ
တစ်ရက်လောက် ကျောင်းပျက်လျက်ရှိသည် ။
နွေးနွေးသည် ကွက်ခနဲ မျက်နှာပျက်ပြီးမှ
ဘာမှ မခံစားရသလို သင်ပုန်းကို
ငေးစိုက်ကြည့်နေသည် ။

ဆရာမက ဆက်၍ သူတစ်ပါး ဥစ္စာကို
ခိုးသောသူသည် ငရဲကျရ၍ ယခုဘဝ၌
ဖြစ်စေ ၊  နောက်ဘဝ၌ ဖြစ်စေ
ဆင်းရဲမွဲတေတတ်ကြောင်း ရှင်းပြသည် ။
ရဲရဲယုသည် နောက်ဆုံးတန်းက လျှော်လွန်း၍
အဝါရောင်ပင်ပြောင်းနေသော ကျောင်းဖြူကို
ဝတ်၍ မူလတန်းထဲက ဝယ်ထားသည့်
အဖာရာ တစ်သိန်းဖြင့် လွယ်အိတ်ကို လွယ်ကာ
ကျောင်းတက်လေ့ရှိသည့် ကျော်အောင်ကို
သတိရမိပြန်သည် ။ သို့သော်လည်း
လှည့်မကြည့်ဖြစ်ခဲ့ ။
တစ်ခန်းလုံးလည်း ဆရာမပြောသော
စကားများကို ငြိမ်၍ နားထောင်လျက်ရှိသည် ။

"ကာမေသု မိစ္ဆာစာရကံ ၊ ကံဆိုတာ အလုပ် ၊
သူတစ်ပါး သားမယားကို ထိပါးစော်ကားတဲ့အလုပ်ကို လုပ်တဲ့သူဟာ ငရဲကျတတ်တယ် ။ ပြီးတော့
လူ့ပြည်ကို ပြန်ရောက်တဲ့အခါမှာလည်း
ယောက်ျားမဟုတ်၊ မိန်းမမဟုတ်တဲ့သူတွေ
ဖြစ်ရတယ်တဲ့ ။ ကြောက်ဖို့ကောင်းတယ်နော် ။
ယောက်ျားမဟုတ် ၊ မိန်းမမဟုတ်ဆိုတာ
ဘာလဲသိကြလား "

တချို့က 'မသိဘူး'ဟုအော်၍ ၊ တချို့က
'သိတယ်'ဟု ဖြေကြသည် ။ အဲသည်ထဲမှာ
'အခြောက် 'ဟုသော အသံက တစ်ခန်းလုံး
ကြားနိုင်လောက်သည့် အချိန်မှာ ဟိန်းထွက်လာသည် ။

အကြင်သူသည် လူသားဖြစ်၍ ဤသို့ပင် နာကျင်ရပါသည် Where stories live. Discover now