22

12.5K 1.8K 205
                                    

[Age ⚠️]

ဝိဉာဉ်တစ်ကောင် လွှင့်မြောလာသကဲ့သို့ ပတ်ဝန်းကျင်က ချမ်းစိမ့်လာသည်။ မိုးစက် အမှုန်အမွှားများက ပြတင်းပေါက်ဘောင်ပေါ်သို့မှ တစ်ဆင့် သူ့လက်မောင်းသားတို့ထက် လွှင့်စင်လာတော့သည်။ ပြင်းထန်စွာ အငြိုးကြီးနေသော လေပြင်းအားကြောင့် သစ်ရွက် သစ်ခတ်တို့၏ လေယိမ်းသံတို့က ဆူညံစွာ ထွက်ပေါ်လာကာ  ပတ်ဝန်းကျင်က မဲမှောင်လို့ နေတော့သည်။

"မာန်ပြည့်..မိုးတွေလေတွေကြမ်းနေတယ်..ဖုန်းမသုံးနဲ့"

အမေ့ အသံက သူ့အခန်းရှေ့တည့်တည့်မှ ထွက်ပေါ်လာသည်။ အိမ်ရှိ ပြတင်းပေါက်များကို လိုက် ပိတ်နေဟန်တူပါသည်။ သူ့အခန်းတံခါးရှေ့ရှိ လူလျှောက်လမ်း ပြတင်းပေါက်၏ ဂျက်ထိုးသံကို ကြားလိုက်ရသည်။

ကဗျာဆရာတွေက မိုးရွာတိုင်း ဆွေးမြေ့နေတတ်ကြသည်ဟု ဆိုကြသည်။ သူကရော မိုးစက်တွေကို ကြည့်ပြီး ဘာကြောင့် စိတ်တွေက လေးပင်ကာ ဆွေးမြေ့နေရတာလဲ။ သူက ကဗျာဆရာလဲ မဟုတ်ပါ။

လေပြင်းများက မူလထက် နှစ်ဆကြမ်းလာသဖြင့် ပြတင်းပေါက်တံခါးကို မဖြစ်မနေ ထပိတ်ရတော့သည်။ ထို့နောက် အခန်းမီးကို ပိတ်ကာ ကုတင်ထက် ပစ်လှဲပြီး စောင်ကို ခေါင်းအထိ လုံအောင် ခြုံချလိုက်သည်။

မိုးရွာရင် ကော်ဖီခွက်နဲ့ ကဗျာစာအုပ်ကိုင်နေရတာထက် စောင်ခြုံကွေးပစ်လိုက်ရသည့် အရသာက ပိုကောင်းသည်။

ဒီညအတွက်တော့ သူအိပ်မပျော်ချင်ပါ။
ဘာကြောင့်မှန်း မသိ။ ဘာလို့မှန်းမသိ။

############
မှေးကနဲ အိပ်ပျော်သွားရာမှ ဆတ်ကနဲ မျက်လုံးပွင့်ကာ လန့်နှိုးသွားသည်။ သူ အမှန်တကယ် အိပ်ပျော်နေခြင်း ဖြစ်ပါသည်။ ဘာကြောင့်များ အလန့်တကြား နိုးလာရတာလဲ။ အပြင်ဘက်က မိုးသံလေသံများက ပို၍ ပို၍ ဆိုးလာသည်။

မီးပိတ်ထား၍ အခန်းတွင်းနံရံထက်က နာရီကို မမြင်ရ။ စာကြည့်စားပွဲထက်က ဖုန်းကို စမ်းတဝါးဝါး ဖြင့် လှမ်းယူလိုက်သည်။

"ဝုန်း"

ရာဇာပို့ထားသည့် ဖုန်းမက်ဆေ့ကြောင့် သူ ကုတင်ပေါ်မှ ဝုန်းကနဲ ထရပ်လိုက်သည်။ မက်ဆေ့က လွန်ခဲ့တဲ့ ၁၅မိနစ်ခန့်က ပို့ထားတာ။
ကုတင်ခြေရင်းအစွန်းက ဂစ်တာ ပြုတ်ကျသွားသံ ထွက်လာသည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Donde viven las historias. Descúbrelo ahora