ပြတင်းတံခါး၏ ခန်းဆီးစကို ဖြတ်ကျော်ကာ ကျရောက်လာတဲ့ နေ့လည် နေရဲ့ ပူပြင်းတဲ့ နေရောင်ခြည်အချို့က သူ့မျက်နှာပေါ် ကျရောက်လို့လာတာမို့ မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးပစ်လိုက်သည်။ ကျင့်သားရနေတဲ့ လက်တွေက အိပ်ယာဘေးက နေရာလွတ်ကို ပွတ်သပ်လျက်။ တကယ်က ယောင်ရမ်းကာ ရှာဖွေတယ်ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ အဆုံးမှာတော့ နံဘေးက ခေါင်းအုံးကို ဆွဲယူကာ ရင်ခွင်ထဲ ပိုက်ရင်း တစ်ဘက်သို့လှည့်ကာ ဆက်အိပ်နေလိုက်သည်။
ဒီကနေ့က အလုပ်ပိတ်ရက်မလား။
လာနှိုးမယ့် သူကလည်း မရှိဘူးဆိုတော့ကာ...။အိပ်ရေး ဝလွန်းလို့ ဆက်ပြီး အိပ်မပျော်နိုင်တော့ပေမယ့် ပွေ့ပိုက်ထားတဲ့ ခေါင်အုံးဆီက တစ်ယောက်သောသူရဲ့ စွဲကျန်ရစ်နေတဲ့ ရနံ့ကို ရှူရှိုက်ရင်း ဇိမ်ယူနေလိုက်သည်။
အတွေးများကတော့ ဟိုတစ်စ ဒီတစ်စနဲ့ ရောက်တတ်ရာရာပေါ့...။
လူအများ ပြောကြတာကတော့ လူပိုရင်သာ မသိသာတာ လျော့သွားရင် သိသာတယ်ဆိုဘဲ။
လူတစ်ယောက် ကိုယ့်နံဘေးမှာ ရှိခဲ့စဉ်က မသိသာဘဲ မရှိတော့မှ အဲ့လူရဲ့ တန်ဖိုးနဲ့ ထိုလူမရှိခြင်းအတွက် လစ်ဟာမှုတွေကို သိလာခဲ့ရတယ်ဆိုတာ..။မှန်သလိုလိုပါဘဲ..။
စစချင်း ၂ရက်လောက်ကတော့ လွတ်လပ်ရေး ရနေတဲ့အတိုင်းဘဲ ၃ရက်မြောက်နေ့မှာတော့ အတော်လေးကို သိသာလာတော့တာ။ဒါပေမယ့် သေချာ ပြန်ပြီး ဆန်းစစ်ကြည့်တဲ့အခါ ကိုယ့်အတွက်ကတော့ အတိအကျမမှန်ဘူးလို့ ထင်တယ်။ ဆည်းလည်းခတ်သံလို ရယ်သံလွင်လွင်လေးရယ် တီတီတာတာ စကားချိုချိုလေးရယ် ခပ်စွာစွာဆူငေါက်သံလေးရယ်ကို ပိုင်ဆိုင်ထားတဲ့ သိပ်လှတဲ့ ကောင်လေးကို လိုချင်လို့ လိုအပ်လို့
အနားမှာ သိမ်းယူထားတာဆိုတော့ကာ...
ဝေးကွာနေတဲ့အခါ ပိုပြီးတော့လိုအပ်တယ်။
ပိုပြီးတော့ လွမ်းတယ်...။~~~~~~~~~~~~~~
ဘယ်လောက်ဘဲ အပျင်းကျချင်နေပါစေ ခန္ဓာကိုယ်ရဲ့ တောင်းဆိုလာတဲ့ ဆာလောင်မှုကြောင့် မထချင်လည်း ထရပါတော့တယ်။ အထွေအထူး သွားလာစရာမရှိတာမို့ သွားတိုက် မျက်နှာသစ်ပြီး ညက လက်စမသတ်ခဲ့ရတဲ့ ဒိုင်ယာရီ စာအုပ်ကလေးကို ယူကာ ဧည့်ခန်းထဲ ခြေ ချလိုက်သည်။ ထမင်းမစားချင်တာမို့ ပဲခေါက်ဆွဲရယ် ဖက်ထုပ်ရယ်မှာကာ စောင့်နေတုန်း ဒိုင်ယာရီ စာအုပ်လေးကို ဟိုလှန် ဒီလော ကြည့်ကာမှ မရေး ဖြစ်တာတောင် တော်တော် ကြာနေပါရော့လား။ ပြန်ရေးရင် ကောင်းမလားဟု စဉ်းစားရင်းက ငယ်ငယ်က ရေးခဲ့သည်များကို ပြန်ဖတ်ဖို့ ဖြစ်လာခဲ့သည်။
YOU ARE READING
Crazy Little Things
Romanceကိုယ့်ကိုကိုယ်တောင် သတိမထားမိလိုက်ခင်မှာ ကိုယ်ဟာ မင်းနဲ့အတူ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တွေကို လုပ်မိနေခဲ့တော့တာဘဲ...