29

12.4K 1.8K 171
                                    

ကင်းတဲမှ သံချောင်းခေါက်သံ ငါးချက်မြည်လာသည်ကြောင့် ချိုချို အိပ်ရာမှထလိုက်သည်။ ဒီရက်တွေထဲမှာ အိပ်ရတာ နှစ်နှစ်ခြိုက်ခြိုက် မရှိ။ အသံအနည်းငယ် ကြားရုံနှင့် လူက ဆတ်ခနဲ နိုးလာတတ်သည်။ မာန်ပြည့်များ ထပ်ပြီး ထွက်သွားဦးမလားဆိုတဲ့ အတွေးတွေကြောင့် ရင်ဘတ်ကအောင့်အောင့်လာသည်။

အတွေးများကိုရပ်ကာ ဆွမ်းချက်ရန်ပြင်ဆင်ရသည်။ ငါးနာရီခွဲလောက်ဆို ဘုန်းကြီးဆွမ်းခံကြွလာတော့မည်။ ဆွမ်းဟင်းက ညတည်းက ချက်ထား၍ ပြန်နွှေးရုံဆိုသော်လည်း ဆွမ်းထမင်းကတော့ မနက်စောစော ထချက်ရပါသည်။

တိတ်ဆိတ်နေသော အာရုဏ်ဦးမှာ ကြေးမောင်းခေါက်သံ တညံညံထွက်ပေါ်လို့လာသည်။ ဆွမ်းဟင်း ဆွမ်းထမင်းထည့်ထားသည့် လင်ဗန်းကိုသယ်ကာ ခြံပြင်သို့ ထွက်တော့ ခြံထောင့်တွင် လူရိပ်တွေ့လိုက်ရ၍ လူက ထိတ်ကနဲ ဖြစ်သွားသည်။

"ဟယ် ငါ့သား ရာဇာ"

ခေါင်းငိုက်စိုက်နေသည်ကြောင့် အနီးကပ်သွားကြည့်ကာမှ ရာဇာလေး ဖြစ်နေမှန်း သိရတော့သည်။ ခြံဘေးနံရံကို မှီကာ ထိုင်လျက်သား အိပ်ပျော်နေပုံရသည်။ ချိုချို့အသံကြားမှသာ ယောင်ယမ်းကာ ဆတ်ခနဲ နိုးလာလေသည်။

"နေဦး သား၊ မေချို ဆွမ်းလောင်းဦးမယ်"

ခြံရှေ့ထိ ရောက်နေပြီဖြစ်သော ဘုန်ကြီးငါးပါးကို ဆွမ်းလောင်းပြီးမှ ရာဇာလေးထံ ပြန်လှည့်လာရသည်။

"ဘာလုပ်နေတာလဲ သားရယ်၊ ခြင်ကိုက်ရကိုက်နဲ့"

ရာဇာလေးက ချိုချိုနဲ့ အကြည့်ချင်းမဆုံပဲ သူ့လည်ပင်းသူ ပွတ်နေသည်။

"မာန်ပြည့်ကို စိတ်ပူလို့ လာစောင့်နေတာလား"

ခေါင်းကို လေးလေးပင်ပင်ညိတ်ပြလာသည်။  ချိုချို သက်ပြင်းတစ်ချက် လေးပင်စွာ ချလိုက်သည် ။

"သိပ်ချစ်တာပဲလား"

"ဗျာ"

ပကတိကြည်လင်တဲ့ မျက်ဝန်းတွေနဲ့ ရာဇာလေးက ကြည့်လာတယ်။ ချစ်တဲ့သူတွေကို စောင့်ရှောက်ကာကွယ်နေရရင် မငြိုငြင်နိုင် မပင်ပန်းနိုင်တာ ချိုချို့ကိုယ်တွေ့ဖြစ်တော့ ရာဇာလေးကို သူသိပ် သနားမိသည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Donde viven las historias. Descúbrelo ahora