ချစ်တယ်ဆိုတဲ့ စကားမပါဘဲ
ငါ့ကို ချည်နှောင်ပါ။
--------------------
အချိန်ကား ညဆယ့်နှစ်နာရီတိတိ ။ မြေအောက်ကားပါကင်ထဲအရှိန်နှင့်မောင်းဝင်လာတဲ့ ကားတစ်စီးထိုးရပ်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။
အလင်းရောင်သဲ့သဲ့မျှသာရှိသည့် ထိုနေရာ ။ ကားပေါ်ကဆင်းလာသူရဲ့ ခြေသံတစ်လျှပ်လျှပ်ကအလျင်လိုနေပုံ ။ ဓာတ်လှေကားထဲရောက်ပြီး ၆ထပ်မြောက်ခလုတ်ကို နှိပ်ပြီးတော့မှ အသက်ကောင်းကောင်းရှုရဲတော့သည် ။
အမှောင်ကြောက်တဲ့လူမို့ ကားပါကင်နဲ့ဓာတ်လှေကားတွေကို သူမကြိုက် ။ အချိန်ကလဲ ညသန်းခေါင်ချိန်၊ ကြားထဲစိတ်ကပါခြောက်လှန့်နေသည်မို့ လူကချွေးစီးတောင်ပြန်ချင်လာသည်။
အခန်းရှေ့ရောက်တော့ လက်နှစ်ဖက်အပြည့်သယ်လာတဲ့ အထုပ်တွေကိုချပြီး လျုှိုဝှက်နံပါတ်ရိုက်ရပြန်သည် ။ အလျင်လိုနေတာကြောင့် တံခါးက တော်ရုံနဲ့မပွင့်လာ ။တစ်လလုံးလုံး လွမ်းနေရတဲ့မျက်နှာလေးကို တွေ့ရတော့မှာမို့ အတက်နိုင်ဆုံးစိတ်ကိုလျှော့ချရသည် ။ သို့သော် တံခါးကိုဖွင့်လိုက်သည်နှင့် အမှောင်ထုနှင့် ညှင်းသိုးသိုး အနံ့တွေဆီးကြိုလာမှုကြောင့် ကြည်နေတဲ့စိတ်အစဉ်ဟာ နောက်သွားရပြန်သည် ။ တရားခံက ဧည့်ခန်းထဲက မပြစ်ရသေးတဲ့အမှိုက်တစ်ပုံနဲ့ ပြန့်ကျဲနေတဲ့အဝတ်အစားတစ်ချို့ ။မသိမ်းအားသေးတာကြောင့် ကျောခွပြီး တစ်ယောက်သောသူရှိရာအိပ်ခန်းဆီကို ခြေလှမ်းတွေကိုဦးတည်လိုက်သည် ။
သို့ပေမယ့် အခန်းတံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့အခြေအနေဟာ သူ့ကိုသွေးပျက်မတက်ဖြစ်သွားစေတယ် ။ကြမ်းပြင်ပေါ်က သောက်လက်စဘီယာဘူးခွံတွေ၊ ဝိုင်းပုလင်းတွေ၊ ကုတင်ပေါ်က မုန့်ထုပ်ပေါင်းစုံ ။ အနံ့ပေါင်းစုံကိုရှုရှိုက်ရင်း လွတ်နေတဲ့ကြမ်းပြင်မှာ အိတ်တွေကိုချပြီး အကျီင်္ လက်ကိုတံတောင့်ဆစ်ထိ ဆွဲတင်လိုက်သည် ။
မှောင်ရိပ်ကျနေတဲ့ဘက်ခြမ်း၊ ကုတင်ပေါ်မှောက်ရက်အိပ်နေတဲ့ လူကတော့ တစ်ချက်မနိုးလာ ။ လေယာဉ်အကြာကြီးစီးပြီး ပြန်ရောက်ရောက်ချင်းတစ်စက်လေးတောင်မနားဘဲ အထုတ်ဆွဲပြီးရောက်ချလာသူကို ကြိုဆိုပုံက စိတ်ချမ်းသာစရာကောင်းလွန်းသည် ။ သူမသွားခင် ပြည့်ပြည့်စုံစုံစီစဉ်ပေးခဲ့ပြီး ဖြစ်သလိုမနေနှင့်ဟု အတန်တန်မှာသွားတာတောင် အခြေအနေကသူမှန်းထားတာထပ်ပိုဆိုးနေသည် ။ ဒီတစ်ခေါက်တော့ သူအလျှော့ပေးလို့မဖြစ် ။ ပြောသင့်တာပြောရတော့မည် ။