ရွာကလေးဆီရောက်နေခဲ့တာက သုံးရက်ရှိပေပြီ။ ရောက်ကတည်းက ပျင်းနေတာမို့ အိပ်လိုက်စားလိုက်နှင့် အခန်းထဲကမထွက်ခဲ့ပေမဲ့ ကျောပူနာမိလာသလို ခံစားရ၏။ ထို့အတွက် ဒီနေ့တော့ တစ်အိမ်လုံးလိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
အိမ်ကြီး၏ တည်ဆောက်ပုံမှာ အလယ်တည့်တည့်တွင် အရှေ့နှင့်အနောက် တောက်လျှောက်မြင်ရသော ရေကပြင်အကျယ်ကြီးရှိသည်။ ထိုနေရာသည် အိမ်ကြီး၏ ဧည့်ခန်းသဘောမျိုးလည်း ဖြစ်၏။ အိမ်၏ ခေါင်းရင်းခြမ်းတွင် ဆိုင်းဝိုင်းပစ္စည်းများသိုလှောင်ရာ အခန်းကျယ်ရှိပြီး ခြေရင်းတွင်တော့ မီးဖိုခန်းနှင့် စပါးကျီတစ်ခု။
အိမ်၏ အပေါ်ထပ်တွင်တော့ ခေါင်းရင်းဘက်တွင် ဘုရားခန်းနှင့် ဦးကျောက်ချွန်းနေခဲ့သော အခန်းရှိပြီး ခြေရင်းခြမ်းတွင်တော့ အခန်းငယ်များ ကန့်ထားသည်။ ခြေရင်းဘက်အကျဆုံး အစွန်ဆုံး အခန်းကတော့ နှောင်ရစ်ထွေး၏ အခန်းဖြစ်၏။
" ကျွန်မအဖို့ မောင့်တစ်မျက်နှာ ကမ္ဘာကြီးတစ်ခုလို အချစ်ပိုလို့သာ အပြစ်ဆိုတဲ့အခါ သူက မနာတတ်သလို... "
ဆိုင်းဝိုင်းပစ္စည်းများထားသိုရာအခန်းဝအရောက် သီချင်းသံသဲ့သဲ့ကြောင့် နားစွင့်မိလိုက်သည်။ အခန်းတံခါးက ဖွင့်ကာထားတာမို့ ချောင်းကြည့်သည်မဆိုသာသော အနေအထားမှာ ရပ်ကြည့်မိသည်ပေါ့။
နေရောင်ဝင်နေသော အခန်းထဲမှာ ရှိနေသည့် ပစ္စည်းတွေက အတော်ကို များလှသည်။ သူ့နေရာနှင့်သူ အစီအရီထားထားသည့် ပစ္စည်းတွေက ရှုပ်နေသလိုလိုနှင့် ကြည့်ရဆိုးမနေပါ။
အသံလာရာ ကြည့်မိချိန်မှာ သူ့ဦးနှောက်ထဲ အချက်ပေးသံတစ်ချို့ကို ပြန်ကြားယောင်လိုက်ရသလို။
ပတ္တလားတစ်ခု၏ ဝါးချပ်ကလေးများကို အဝတ်စတစ်ခုဖြင့် စိမ်ပြေနပြေဖုန်သုတ်နေသူ။ ပါးပြင်ပြေပြေပေါ် တင်ထားသည့် သနပ်ခါးက တစ်ချို့က ပြယ်နေချေပြီ။ သီချင်းသံသဲ့သဲ့က အားစိုက်ယူနေသော နှုတ်ခမ်းပါးဆီက ထွက်လိုက်၊ ငြိမ်လိုက်။
ရေလျှော်ထားဟန်တူသော ဆံနွယ်တွေက ဘာအစည်းအနှောင်မှ မပါပဲ ရင်ဘတ်ညာဘက်ခြမ်းတွင် ချထားသည်။ ပိတ်ညိုလည်ပိတ်အင်္ကျီက ဝါနှစ်သော လည်ပင်းအစပ်နှင့် ပနံရနေ၏။ နေရောင်က ဝင်းနှစ်နှစ်နဖူးပြင်ပေါ် တိုက်ရိုက်ထိုးနေသည်မို့ ခဏခဏ စိမ့်နေသော ချွေးကို လက်မောင်းနှင့် ပင့်သုတ်လိုက်၊ သန့်ရှင်းရေးလုပ်လိုက်နှင့် အလုပ်များနေသူကတော့ သူ့ကိုသတိပင်ထားမိပုံမပေါ်ပါ။
BẠN ĐANG ĐỌC
အိုဘယ့်မှုံရွှေရည်(Completed)
Lãng mạnStart Date: Sep 22nd, 2020 End Date: May 21st, 2021 ဟိုးရှေးရှေးတုန်းက ဇာတ်သဘင်တစ်ခု ရှိသတဲ့။ တစ်ရက်တော့ ပိုင်ရှင် ဇာတ်ဆရာကြီးက ဆုံးပါးသွားလေတယ်။ အဲ့ဒါနဲ့ ဇာတ်ဆရာကြီးရဲ့ ညီဖြစ်သူက သူေဋ္ဌးတစ်ယောက်ကို ရောင်းလိုက်ပြီး ထွက်ပြေးသွားပါလေရောပေါ့ကွယ်။ သူေ...