[ခေါက်ဆွဲဆိုင်ကညစ်နွမ်းနွမ်းကောင်ကလေး]
ရေငွေ့သီးနေတဲ့ တစ်ခါသုံးဖော့ကော်ဖီခွက်ကလေးကိုင်ရင်း သိပ်ကျဉ်းမြောင်းလွန်းတဲ့ လမ်းကြားလေးထဲကို Ryan က ဝင်တယ်။ မနက်ငါးနာရီဆိုတဲ့အချိန်မှာတောင် Ryan သွားချင်တဲ့ စာအုပ်အအိုအဟောင်းဆိုင်လေးက ဖွင့်နေပါပြီ။ Ryan နေတဲ့အိမ်နဲ့ဒီနေရာသိပ်မဝေးဘူး။ အနည်းဆုံးဆယ်မိနစ်လမ်းလျှောက်ရင် ရောက်ပြီ။
The book house လို့ထုထွင်းထားတဲ့ သစ်သားပြားကြီးရယ်၊ တံခါးပေါက်ကျဉ်းလွန်းလို့ခေါင်းငုံ့ဝင်ရတဲ့ ခပ်ပုပုအိမ်ကလေးထဲ Ryan ကဝင်လိုက်တယ်။ စာရွက်အဟောင်းနံ့တွေကြောင့် နှာမွှန်သလိုဖြစ်သွားရတယ်။
"Good morning အဖိုးကြီး david" လို့ စာအုပ်စင်တွေကြား လိပ်ကလေးတစ်ကောင်လိုတရွေ့ရွေ့လှုပ်နေတဲ့အဖိုးကို လှမ်းနှုတ်ဆက်လိုက်ပါတယ်။ အဖိုးကသိပ်ကိုအသက်ကြီးနေပြီ။ ၆၉နှစ်ရှိပြီဖြစ်ပေမယ့် အဖိုးအသက်ဘယ်လောက်လဲလို့မေးရင် အခုထိ၆၀ကျော်လို့ဖြေနေတုန်းပဲ။
"Dr.Ryan အစောကြီးနိုးတာလား"
"ကျွန်တော်ညက စာအုပ်ဖတ်ရင်းညဥ့်နက်သွားတယ် အဖိုးရာ"
"ညဥ့်နက်သွားပုံထောက်ရင် Harry Potter စာအုပ်အထူကြီးကို ပြန်ဖတ်ခဲ့တာများလား"
Ryan က လည်ပင်းကိုကုတ်ရင်းရယ်တယ်။ အဖိုးကတော့ အသံကျယ်ကြီးနဲ့တဟားဟားအော်ရယ်တာပေါ့။ လက်ထဲကအငွေ့သေနေတဲ့ကော်ဖီကိုမော့သောက်ပြီး အမှိုက်ပုံးထဲထည့်လိုက်တယ်။ အဖိုးကသူ့အတွက်တော့ စကားပြောလို့အကောင်းဆုံးမိတ်ဆွေပဲ။ အိပ်မပျော်တဲ့ညတွေဆို အဖိုးကြီးdavid ရဲ့ ဒီစာအုပ်အဟောင်းဆိုင်လေးကို Ryan က ပြေးပြေးလာရတယ်။ စာအုပ်တွေလှန်လောရင်း အဖိုးကငယ်ဘဝအကြောင်းတွေပုံပြင်တစ်ပုဒ်လိုပြောပြမယ်။ Ryan က အဖိုးပြောတာတွေအလွတ်ရနေလဲ အကြိမ်ကြိမ်နားထောင်ရတာသဘောကျတယ်။ Harry Potter စာအုပ်ကို ဘယ်လောက်ဖတ်ဖတ် အဖိုးပြောပြရင်သိပ်နားထောင်ကောင်းတယ်။
"ငါညကမင်းကိုစောင့်နေသေးတယ် ဘောလုံးပွဲလာကြည့်မယ်အောက်မေ့လို့"
လက်သည်းထိပ်ကလေးကိုကိုက်ရင်းတွေးတယ်။ Ryan က အဖိုးနဲ့အတူ ရော်နယ်ဒိုရဲ့ဘောလုံးပွဲကြည့်ဖို့ကတိပေးထားတာကို မေ့သွားခဲ့တာပဲ။