[Hope]
"ဦးငယ်အတွက် ဘာက အခက်ခဲဆုံးလဲ"
"ခေါက်ဆွဲပြုတ်ရတာ၊ ဘာလို့ဆိုရေတွေများသွားတယ်၊ ရေလျှော့ထည့်ရင်ငံသွားတယ်"
ခေါက်ဆွဲပြုတ်အိုးထဲကနေ ပထမတစ်ရေသွန်နေတဲ့ချာတိတ်က Ryan ကိုလှည့်ကြည့်တယ်။ ဒီနေ့စောစောစီးစီး သူတို့နှစ်ယောက်မနက်စာက ခေါက်ဆွဲပြုတ်ပူပူရယ် ကော်ဖီနှစ်ခွက်ရယ်။ ချာတိတ် လုပ်ပေးသမျှကို Ryanက အဆင်သင့်စားတယ်။ စတွေ့တုန်းကလောက်စကားမနည်းတော့ဘူး။ တိတ်နေတဲ့Ryan ရဲ့အိမ်ကလေးမှာ တခါတလေ စကားသံတွေညံလို့။ မီးခိုးတိတ်တဲ့အိမ်ကခုတော့ ညှော်နံ့တွေတောင်ရနေတတ်ပြီ။
နှစ်ပတ်ဆိုတဲ့အချိန်တစ်ခုဖြစ်လာတော့ ချာတိတ် က Ryan အတွက် စကားပြောဖော်ကောင်းတစ်ယောက်ဖြစ်လာတယ်။ ဟိုနားဒီနားသွားရုံနဲ့တင် ကြောက်တတ်တဲ့သူ့ကို Ryan က အရင်ကိုင်ခဲ့တဲ့apple ဟန်းဖုန်းမော်ဒယ်အဟောင်းလေးကို ပေးထားလိုက်တယ်။ ဒါကဘယ်လိုအသုံးဝင်လာလဲဆိုတော့ သိပ်ရယ်ရပါတယ်။ ဦးငယ်ပြန်လာရင်ဘာဝယ်ခဲ့၊ ဒီညတော့ဘာချက်စားကြမယ်ဆိုတဲ့ ဖုန်းကောလ်တွေနဲ့လည်း နေသားကျလာပြီ။ ချာတိတ်ကဖုန်းဆက်ဖို့မေ့နေတဲ့အခါ Ryan က သတိတရနဲ့ဆက်ဖြစ်တယ်။ ငါဒီနဲ့ဘာဝယ်ခဲ့ရမလဲပေါ့။
"အရသာမြည်းကြည့်"
အငွေ့တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲပြုတ်ပန်းကန်ထဲကနေ Ryan က ခပ်မြည်းပြီးအရသာခံတယ်။
"Wow မင်းဆီက ခေါက်ဆွဲပြုတ်နည်းသင်ရမယ်Third "
Third ဆိုတာ သက်တန့်ရဲ့နာမည်အစစကားလုံး။ Thetကို Thirdဖြစ်အောင်ခေါ်နေတာလည်း ဘယ်လောက်ပြင်ပြင် မရတာမို့ ချာတိတ်ကအရှုံးပေးထားတယ်။ စာအုပ်ပေါ်ချရေးပြီး တီအိတ်ရှ်အိုင်အာရ်ဒီ သာ့ဒ်နဲ့ တီအိတ်ရှ်အီးတီသက်ဟာ အများကြီးကွာခြားကြောင်းကိုလည်းရှင်းပြပြီးပါပြီ။ ငါးပိသံထွက်မရတဲ့Ryanက မြန်မာနာမည်ကို ပီပီသသ ခေါ်ဖို့လည်း ခက်ခဲတယ်။ မနက်စာစားပြီးကြတဲ့အခါ ကော်ဖီနှစ်ခွက်အတူသောက်ရင်း အလုပ်အကြောင်းဆွေးနွေးတယ်။
ုချာတိတ်ကအခုထိအလုပ်မရသေးဘူး။ ဘာသာစကားအခက်အခဲနည်းနည်းရှိနေတာကြောင့် Ryan က နေ့စဉ်သုံးလောက်ပြောတတ်ဖို့ အင်္ဂလိပ်စာသင်ပေးရမဲ့အခြေအနေကို ရောက်လာခဲ့တယ်။