[ဒိုင်ယာရီစာအုပ်ရဲ့စာမျက်နှာဟောင်း]
"Doctor Ryan ဧည့်သည်ရောက်နေပါတယ်" ဆိုတဲ့ သတိပေးသံတွေကိုခဏခဏကြားနေရတယ်။ သူရေတွက်ကြည့်ရင်အနည်းဆုံးငါးကြိမ်ပေါ့။ အလုပ်ထဲလာတွေ့တဲ့ဧည့်သည်ကို Ryan က မဖိတ်ခေါ်ချင်ဘူး။ သူချမှတ်ထားတဲ့ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေအရ ဒါဟာ ပြစ်မှုမြောက်တယ်။ လည်ပင်းမှာသိုင်းချိတ်ထားတဲ့ stethoscope ကိုဖြုတ်လိုက်ပြီး သူ့ရဲ့ဂျူတီကုတ်အိတ်ထဲ ထိုးထည့်လိုက်တယ်။ နောက်ပြီးRyanက စိတ်မရှည်သလိုမျက်နှာထားဖြစ်နေလို့ သတိလာပေးတဲ့သူနာပြုဆရာမလေးက ခပ်လန့်လန့်နဲ့။ Ryan ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဒီလိုပဲမောက်မာပါတယ်ဆိုတာ ခင်ဗျားတို့မျက်လုံးထဲပုံဖော်မိရဲ့လား။
"လွှတ်လိုက်"
သူနာပြုဆရာမလေးကခပ်သုတ်သုတ်ပြေးထွက်သွားတယ်။ ခဏကြာတော့အမျိုးသမီးတစ်ယောက် Ryan ရဲ့နားနေခန်းထဲရောက်လာတယ်။ Ryan ရဲ့စိတ်ဝိဉာဉ်က အတိတ်ကမ္ဘာကိုခဏလွင့်မြောသွားသလိုပဲ ထိုင်နေရာကနေမူပျက်သွားအောင် ထရပ်လိုက်မိတဲ့အထိပဲ။
သူမက Ryan ရဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်တဲ့အထိ Ryan က မင်သေသေရပ်နေမိတုန်းပဲ။
"Christina..."
Ryan က တအံ့တသြအသံထွက်ရွတ်လိုက်မိတော့ သူမကပြုံးပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်ကလိုပဲ မပြောင်းလဲတဲ့အပြုံးတွေကိုမြင်ပြီး Ryan က ဟက်ခနဲရယ်လိုက်မိတယ်။ သူအခုအိပ်မက်မက်နေတာတော့မဟုတ်ဘူးမလား။ ဘုရားရေ၊ တည်ငြိမ်လွန်းတဲ့Ryanက သူမရှေ့မှာမူပျက်နေလို့ ဒါကိုသူမကမြင်ဖူးနေကျပုံရိပ်တစ်ခုလိုပဲ ပြုံးပြုံးလေးငေးတယ်။ မျက်နှာတစ်ခုလုံးကိုလက်ဝါးနှစ်ဖက်နဲ့ပွတ်ဆွဲပြီး Ryan က မျက်နှာပိုးသတ်လိုက်တယ်။
"မင်းကိုယ့်ဆီလာလည်တာလား"
"ဒီသုံးနှစ်အတွင်း ရှင်ကျွန်မကို လုံးဝမဆက်သွယ်ပဲနေနိုင်တယ်နော်၊ မလွမ်းဘူးလား"
Ryan က စွံအနေတယ်။ စုံလည်ခုံရဲ့လက်တန်းတွေကို အားနဲ့ဖိကိုင်ထားမိတာမို့ လက်ဖမိုးမှာအကြောစိမ်းတွေထလို့။ သူမကတော့အရင်လို တည်ငြိမ်နေတဲ့ရှေ့နေမလေးပဲ။ အရင်က ဂုတ်ဝဲပဲရှိတဲ့ ရွှေဝါရောင်ဆံနွယ်တွေဟာ ခုတော့အလိပ်ကလေးတွေခွေကျလို့ တော်တော်လေးရှည်နေပြီ။