အိမ်ရှေ့ကနေစထွက်ကာ ရှေ့ဘက်ကြီးအုန်းတို့ လမ်းကြားကိုရောက်လို့လာသည် ။ ဘေးချင်း
ယှဉ်ကာလျှောက်လာသော ကိုကြီးကို
လမ်းတစ်လျှောက်တွေ့သမျှသူတွေတိုင်း
မကြည့်တဲ့သူမရှိသလောက်ပင် ။ တစ်ချို့ ကျွန်တော်နှင့်ရင်းနှီးသောသူများကလည်း
မေးသူကမေးနှင့်စပ်စုကြသေးတော့ ကျွန်တော်
ပြောထားသည့်အတိုင်း ကိုကြီးကအားလုံးကို
ဖော်ဖော်ရွေရွေနှင့်ပြန်လည်တုန့်ပြန်ပေးသည် ။
သိပ်ချစ်ဖို့ကောင်းလှပါသည် ။ ရွာရောက်တုန်း
တစ်ရွာလုံးတစ်မျိုးလုံးတစ်ဆွေလုံးစီကို ခေါ်သွားပြီး နောင်မစိမ်းလေအောင်ရရင်ရသလို
မိတ်ဆက်ပေးသွားမည်ဟုတွေးရင်းသာ ကိုကြီးဘေးကပ်လို့သာလျှောက်ခဲ့သည် ။
ဆုတောင်းပါသေးသည် အခုသွားရာလမ်းတွင်
မမကြီးအေးကြည်နဲ့မတွေ့ပါစေနဲ့လို့...။" ကိုကြီး... လမ်းလျှောက်ရတာပူနေပြီလား "
ဟိုလမ်းကြားဒီလမ်းကြာသွားနေရသည်ဆိုတော့
ကိုကြီးကားနက်ကြီးနဲ့ကအဆင်မပြေလှ ။
ဆောင်း ဆိုပေမယ့်လည်းနေ့ခင်းအညာဒေသ နေမင်းကြီးကတော့ပူလှသည် ။ ဖုန်တထူထူ
နေတပူပူနဲ့လမ်းလျှောက်နေရသော ကျွန်တော်က
အသားကျနေကျပေမယ့် ဖြူဖြူဝင်းဝင်း
ကိုကြီးအသားအရေတွေနဲ့နေပူပူချွေးတစို့စို့က
မလိုက်ဖက်ပေ ။" ရောက်တော့မှာနော် ကိုကြီး
ဟိုးရှေ့နားဆိုသာစိန်တို့ဆီရောက်တော့မှာ "" အင်း "
ရှေ့ဆက်ကာသွားရင်းရောက်ခါနီးထောင့်လေးမှာ
တောင်းတဲ့ဆုတိုင်းလွဲပုံက မမကြီးအေးကြည်နဲ့
တည့်တည့်တိုးပြန်ပြီ ။ လူက ဘာဖြစ်သွားမှန်းမသိ
နောက်လှည့်ပြေးရမလိုလို ကိုကြီးနဲ့ကွယ်ရမလိုလို
မူမမှန်တော့ပေ ။ တစ်ယောက်တည်း ထွေပြားနေဆဲအဆုံးမှာ ကိုကြီးလက်ကိုဆွဲပြီး
နောက်ပြန်ပြေးဖို့ပြင်လိုက်သည် ။ သို့ပေမယ့်
နောက်ကျသွားခဲ့ပြီ ။" မိုင်ကလေးရေ....."
အော်သံတစ်ဝက်နဲ့အနားကိုပြေးလာကာ
ရပ်လိုက်တော့ လူရှေ့သူရှေ့မရှောင်တဲ့
မမကြီးဒီတစ်ခါကိုကြီးရှေ့မှာတော့ နေတတ်ထိုင်တတ်ပါစေဟုဆုတောင်းမိပြန်တာ
အကြိမ်ကြိမ် ။