[ရှက်ဝဲဝဲခွေးအိုကြီး]
ဒီဇင်ဘာ၁၃ရက်၊ အေးခဲနေတဲ့မနက်ခင်း ၆နာရီကျော်မှာတောင် နေရောင်ရယ်လို့ခပ်ဆင်ဆင်တောင်မမြင်ရသေးဘူး။ အိမ်နဲ့ဝေးတဲ့အဲ့နေရာအထိRyan အကြောင်းမဲ့ပြေးလာခဲ့တယ်။ မနက်ခင်းကျန်းမာရေးအရလေ့ကျင့်ခန်းလုပ်တာပါလို့ ကိုယ့်ကိုယ်ကိုလိမ်တယ်။ တကယ်တော့ကောင်လေးကိုထပ်တွေ့ရဦးမလားလို့ ဒီနေရာကိုမျက်စိလည်လမ်းမှားပြီးရောက်ရောက်လာတာ သုံးလေးခါရှိနေပြီ။ ပြေးလာရတဲ့အရှိန်နဲ့မောဟိုက်လာတယ်။ နေရာရောက်တာနဲ့ ခန္ဓာကိုယ်ကိုတစ်ဝက်ကိုင်းချပြီး ဒူးတွေပေါ်လက်တင်ထားရင်းနဲ့အမောဖြေနေရတယ်။
"ဦးငယ်..."
ပြတ်ပြတ်သားသားကြားလိုက်ရတာတောင် ငါနားကြားများမှားတာလားဆိုတဲ့အတွေးဝင်နေတုန်းပဲ။ ဖြည်းဖြည်းချင်းအနောက်ကိုလှည့်ကြည့်လိုက်တော့ ဟူဒီအကျႌအစိမ်းရောင်အထူကြီးနဲ့ကောင်လေးက ခေါင်းစွပ်ပါအုပ်ထားတယ်။ အအေးဒဏ်ကြောင့်ရဲရဲနီနေတဲ့နှာထိပ်တွေက ချယ်ရီသီးလေးလိုပဲ။
"ဦးငယ် ဘယ်လာတာလဲ"
Ryan က ကြောင်တိကြောင်တောင်နဲ့ဖြေစရာမရှိစွံအနေတယ်။ ဟေ့ကောင်လေးငါမင်းကိုလာရှာတာလို့ ပွင့်ပွင့်လင်းလင်းပြောဖို့ကိုလည်းသူ့မာနကခွင့်မပြုဘူးလေ။ လက်ဝါးနှစ်ဖက်ကိုပွတ်ရင်းအာငွေ့ပေးတယ်။ ဟိုဘက်ဒီဘက်လျှောက်ကြည့်ရင်းခပ်တည်တည်နဲ့ ဝတ်ထားတဲ့ဂျာကင်အိတ်ထဲကိုလက်နှစ်ဖက်ထိုးထည့်ပြီး ကိုယ်ဟန်သပ်လိုက်တယ်။
"ငါ အရမ်းအေးနေလို့ သွေးပူအောင်ပြေးနေတာ"
"ဟင် ဟုတ်လား" ဆိုတဲ့ မယုံသလိုခနဲ့တဲ့တဲ့အသံလေးနောက်မှာ Ryan က ရယ်ဖို့တောင်မရဲတော့ဘူး။ အတူနေခဲ့တဲ့တစ်လအတွင်း ကိုယ့်ဇကလေးသူသိနေတာပဲဆိုတဲ့အတွေးနဲ့ လိမ်မိတာကို နည်းနည်းရှက်သွားတယ်။ ကိုယ့်ကိုယ်ကိုလည်းနားကိုမလည်ဘူး။ တကယ်ဆို ကောင်လေးရေမင်းအဆင်ပြေရဲ့လားငါလာကြည့်တာကွလို့ ပေါ်ပေါ်တင်တင်ပြောထည့်လိုက်လို့ရသားပဲလေ။ ခက်တော့တာပဲ။
နှင်းစက်တွေကိုလက်နဲ့ခံယူကြည့်ရင်း ပြုံးနေတယ်။ ကောင်လေးကRyanကိုကြည့်မနေဘဲ ကောင်းကင်ကြီးကိုမော့ငေးလို့။ ဘာတွေကိုသဘောကျနေမှန်းလိုက်မမှီအောင်ကို ကောင်လေးကအားပါးတရပြုံးနေခဲ့တယ်။