#Unicode
ဖယ်ရီကားပေါ်က ဆင်းလိုက်တာနဲ့ အသည်းခိုက်မတတ် အသားထဲထိ စိမ့်၀င်လာတဲ့အေးစက်မှုကြောင့် လျှောကျနေတဲ့ စလင်းဘတ်အိတ်လေးကို ဆွဲတင်ကာ ခပ်ပြေပြေမာဖလာအနီလေးကို သေချာပြန်ပတ်လိုက်ပြီး လက်လေးနှစ်ဖက်ကို ခပ်တင်းတင်း ပိုက်လို့ ဟိုတစ ဒီတစသာ ရှိတဲ့ မှိန်ပြပြ လမ်းမီးတိုင်တွေ ရှိတဲ့ လမ်းသွယ်လေးဆီ လျှောက်လို့လာခဲ့လိုက်တယ်။
လရောင် ပျောက်တဲ့ ဒီလို ညဦးပိုင်းမှာ ဆောင်းရာသီ၀င်လာပြီဖြစ်တဲ့အတွက် လမ်းသွယ်လေးထဲ လူသွားလူလာလည်း မရှိသလောက်ပင်။
အလုပ်က ၆နာရီဆင်းပေမယ့် မြို့ထဲနဲ့ အတော်တန်ဝေးတဲ့ နေရာဖြစ်တဲ့အပြင် အလုပ်ကဖယ်ရီနဲ့ ပြန်ရတဲ့အတွက် ကျွန်မအိမ်ပြန်ရောက်ချိန်က ၇နာရီကျော်။
ဖယ်ရီနဲ့မပြန်ဘဲ ဘတ်စ်ကားစီးရင် နာရီ၀က်ပို သက်သာမှာပေမယ့် ဘတ်စ်ကားဂိတ်ကနေ လမ်းထိပ်ထိ တစ်ယောက်တည်း လမ်းလျှောက်ပြန်ဖို့က ခုလိုနေ၀င်စောတဲ့ဆောင်းရာသီမှာ ပိုလို့ပင် အန္တရာယ်များလှသည်။
ခြံ၀န်းကျယ်ကြီးတွေနဲ့ ခပ်အုပ်အုပ် အပင်ကြီးတွေသာရှိတဲ့ ကျွန်မတို့ရပ်ကွက်ငယ်လေးက အတော်သင့်ဖွံ့ဖြိုးစပြုတဲ့ ရွာတစ်ရွာ နဲ့မခြားနားလှတဲ့ အခြေအနေ၌ပင် ရှိသေးသည်။
အခုနှစ်ပိုင်းတွေအတွင်း မီး မှန်မှန်လာပြီး လမ်းမီးတွေ စိုက်ထူပေးထားတာကပင် တိုးတက်လာသည်ဟု ဆိုရမည်။
အခုလည်း ပတ်၀န်းကျင်က တိတ်ဆိတ်နေပြီး အပင်ကြီးတွေရဲ့ လေတိုက်သံ နဲ့ အကောင်ငယ်လေးတွေရဲ့ အော်မြည်တဲ့ အသံတွေကိုသာ ကြားရသည်။
တီဗွီရှိသော အိမ်ရှေ့မှ ဖြတ်လျှောက်တဲ့အခါ ပျံ့လွင့်လာတဲ့ တီဗွီမှ အသံတွေကြားရ၍သာ လူတွေရှိတယ်ဆိုတဲ့အသိနဲ့ စိတ်သက်သာရာ ရ ရပါတယ်။
သို့ပေမယ့် ဖြတ်သွားဖြတ်လာ မရှိတဲ့ လမ်းပေါ်၀ယ် သရဲကြောက်တတ်တဲ့ကျွန်မကတော့ ရသမျှဘုရားစာကိုရွတ်လို့ လမ်းကိုခပ်သွက်သွက်လျှောက်နေမိတယ်။
YOU ARE READING
Guardian(Completed)
Short Storyအိမ်ပြန်လမ်းက မှောင်နေလည်း မှိန်ပြပြ မီးတိုင်အောက်က စောင့်ကြိုနေတဲ့မင်းကြောင့် ကြောက်ရွံ့မှုတို့ ကင်းရပါတယ် လက်ပြနှုတ်ဆက်လာတဲ့ မင်းကို အေးခဲနီမြန်းနေတဲ့ ပါးစုံ မို့မို့လေးတွေနဲ့ ငါရယ်ပြမယ် ပြီးရင် သက်ပြင်းဖွဖွချလို့ ၀မ်းနည်းမှုနဲ့...