မှောင်မိုက် နွမ်းလျနေသော အခန်းငယ်လေးတစ်ခု။ ဖွင့်ထားသော ရေဒီယိုFMမှ လာနေသော မင်းသမီးကြီးချိုပြုံး၏ ကျောင်းပိတ်ရက် ဆိုသော သီချင်းက တစ်စုံတစ်ယောက်၏ ငယ်စဥ်ဘဝ မှတ်ညာဏ်ဆီသို့ ဆွဲခေါ်နေသယောင်။ သက်ကြီးရွယ်အို၏ အခန်းပီသစွာ ဆေးမြစ်စုံနံ့နှင့်ပရုပ်နံ့တို့က စွဲကျန်နေသည်။
အခန်းငယ်လေးသို့ အလင်းရအောင် ပြတင်းမှန်တံခါးကို တွန်းဖွင့်လိုက်တော့ မှင်တွေရေးခြစ်ပြီး စုတ်ဖြဲထားသော စာရွက်အမြောက်အမြား ပျံ့ကျဲနေသည်ကို တွေ့ရသည်။ ရှုပ်ပွနေသော အခန်းငယ်ကို ရှင်းလင်းရင်း ကုတင်ပေါ်မှ အသက်၈၀အရွယ် အဖွားတစ်ယောက်က ကုန်းထကာ ကျွန်တော့အနားသို့ တုန်ချိတုန်ချိနှင့် လျှောက်လာပြီး
"သားငယ်..အမေ့ကို ကိုကြီးတို့ဆီပို့ပေးပါနော်...အမေ့သားကြီးနဲ့သမီးကြီးဆီသွားချင်တယ်...အီးဟီး..."ပြောလာပြန်ပါပြီ ဒီစကား။ ကျွန်တော့ရှေ့တွေ တငိုငိုတရီရီဖြင့် ရှိုက်ငင်နေသော အမေ့ကိုကြည့်ပြီး ကျွန်တော်အင်မတန်မှ ဝမ်းနည်းရသည်။ အရင်က ကျွန်တော့်ကို အမြဲဆုံးမတတ်သော ထက်မြတ်သည့် အမေသည် ယခုဒီလိုပုံစံဖြစ်နေသည်ကို အံ့သြရသလို ဝမ်းလည်းဝမ်းနည်းမိသည်။ ကျွန်တော်မရှိတဲ့ ဒီ၁၀နှစ်အတွင်း အမေ့၏ပုံစံနှင့် အငွေ့သက်များသည် လွန်စွာပြောင်းလဲသွားသည်။ သို့သော် ကျွန်တော့အပေါ်ခက်ထန်မှုတို့ကတော့ မပြောင်းလဲ။
........................ငယ်စဥ်တည်းက မိန်းကလေးနှင့် မှားရက်လောက်သော အသားအရေနှင့် မျက်နှာကို အမေ့ဆီက အမွေရထားပေမဲ့ အမေကတော့ ဒီမျက်နှာဒီပုံစံကို မကြည်ဖြူခဲ့ပေ။ နုဖတ်လွန်းသော ခန္ဓာကိုယ်ကြောင့် အကိုအကြီးဆုံးလို ခန္ဓာအားကိုးရသည့်အလုပ်ကို မလုပ်ပေးနိုင်သလို အမကြီးလို ညာဏ်မကောင်းသည့်အတွက်ကြောင့် အမေဂုဏ်ယူရအောင် ဆုတွေ မဆွတ်ခူးပေးခဲ့နိုင်။ အမြဲနုဖတ်ပြီး ဖျားနာလွယ်တတ်သော ကျွန်တော့ကို အမေက ဘာမှအသုံးမကျဖူးဟု ကျိန်ဆဲတတ်ပေမဲ့ လောကကြီးတွင် ကျွန်တော့ကို စိတ်အပူဆုံးနှင့် ဂရုအစိုက်ဆုံးမှာ အမေပင်ဖြစ်သည်။
ငယ်စဥ်တည်းက ကြိုက်တတ်သော ပစ္စည်းများနှင့် ဖြစ်ပေါ်တတ်သော စိတ်ခံစားချက်တို့ကြောင့် ကိုယ့်ကိုယ်ကို သာမန်ယောကျာ်းလေးများနည်းတူ မိန်းကလေးတွေကို သဘောမကျတတ်မှန်း လူပျိုဝင်ခါစ အရွယ်တွင်သိခဲ့ရသည်။ နူးညံ့သော အပြုမှုနှင့်နေထိုင်ပြီး စကားအေးအေးသာ ပြောတတ်သော ကျွန်တော့ကို အမေတို့အစ်ကိုကြီးတို့က 'ကနွဲ့ကလျနဲ့ မိန်းမကျနေတာဘဲ' ဟူ၍ ပြောလေ့ရှိသည်။.
ထိုအချိန်က ကျွန်တော့ဘက်ကို နားလည်ပေးပြီး ကျွန်တော့ဖြစ်တည်မှုကို လက်ခံပေးနိုင်သည့် သူမှာ အဖေတစ်ယောက်ပင် ရှိသည်။ ကျောင်းတွင် အဆင့်မကောင်း၍ အမေ့အရိုက်ကို ခံရတိုင်း ဝင်တားတတ်သည့်အဖေ။ ကိုကြီးကအလေးပစ္စည်း တစ်ခုခုသယ်ခိုင်းတိုင်း သယ်မနိုင်တဲ့အခါ ဆူပူကြိမ်းမောင်းတိုင်း ကာဆီးတတ်သည့်အဖေ။ အမကြီးထံမှ စာညံ့သည်ဟူသော အကြောင်းပြချက်ဖြင့် မတူသလို မတန်သလို ဆက်ဆံခံရတိုင်း ဝင်ဖြန်ဖျေကာ ဆုံးမစကားပြောတတ်သည့်အဖေ။ ထိုသို့ကျွန်တော့အတွက် တံတိုင်းသဖွယ် အားကိုရပါသော အဖေ့ကို ကျွန်တော်၁၀တန်းနှစ်မှာ ဆုံးရှုံးခဲ့လိုက်ရသည်။