ရင်ခွင်ဟောင်းလေးလှည့်ကြည့်ပါ Ep-19
Zawgyi
ဒီကနေ့ Daddyရဲ့မျက်လုံးတွေ ခွဲစိပ်ကုသပြီးလို့ ပတ်တီးဖြေရမည့်နေ့။
ဆေးရုံစတက်သည့်နေ့မှစ၍ တစ်ချိန်လုံး အလုပ်တွေနှင့် မအားလပ်ဘဲရှိနေခဲ့သည့် ရှောင်ကျန့်။ ဒီကနေ့တော့ မျှော်လင့်စောင့်စားခဲ့ရသမျှ အချိန်တွေ၊ ဆုတောင်းခဲ့ရသမျှ ဆန္ဒလေးတွေ ပြည့်ဝခဲ့ရလေပြီ။ ပတ်တီးတွေ ဖြည်ရတော့မည်ဖြစ်၍ Daddyရဲ့ မျက်လုံးတွေ ပြန်မြင်ရတော့မှာပေါ့လေ။
မျက်မမြင်ဒုက္ခိတဘဝကြီးနဲ့ တေတေပေပေနေခဲ့သမျှ အိပ်မက်ဆိုးကြီးထဲက နိုးထရတော့မည့် ဝမ်ရီပေါ်ကိုကြည့်ပြီး စိတ်လှုပ်ရှားကာ ပျော်ရွှင်ဝမ်းသာနေရသူက ရှောင်ကျန့်ပင်။
Daddyရဲ့ ဆန္ဒအရ။
ပတ်တီးတွေဖြည်ပြီး စတင်မြင်တွေ့ချင်သောသူမှာ သူမို့ အခန်းလေးထဲတွင် မျက်စိအထူးကုဆရာဝန်ကြီးနှင့်အတူ ဆရာဝန်၊ ဆရာမ၊ သူနာပြုမှစ၍ သူစိမ်းအပြင်လူဆ်ု၍ သူတစ်ယောက်တည်းသာ အနီးတွင် ရှိနေရလေသည်။
Daddyရဲ့တောင်းဆိုမှုကို ဘွားယီက သိပ်ပြီးမကျေနပ်လှပေမယ့် အခုအချိန်အခါမျိုးမှာ စိတ်တွေကို လျှော့ထားတာ အသင့်လျော်ဆုံးမို့ ဘာမှမပြောဘဲ အခန်းအပြင်မှာသာ စောင့်နေခဲ့လေသည်။
ဆရာဝန်ကြီးညွှန်ကြားမှုအတိုင်း နာ့စ်မလေးက ပတ်တီးလိပ်ကို စဖြည်၏။ ဖြည်းညင်းစွာကွာကျသွားသော ပတ်တီးလေးကို ငေးမောကြည့်ကာ ရှောင်ကျန့်ရဲ့ရင်ခုန်သံတွေက တထိတ်ထိတ်။ မျက်တောင်ကလေးပင် တစ်ချက်မခတ်။ စူးစိုက်စွာပင် ဝမ်ရီပေါ်ရဲ့မျက်နှာချောချောကို စိုက်ကြည့်နေမိ၏။
မျက်လုံးတွင် ပတ်စည်းထားသည့် ပတ်တီးစလေးက တဖြည်းဖြည်း ပါးလွှာလာသလို နာ့စ်မလေးရဲ့လက်ထဲတွင် ဖြည်နေရင်းမှ ပြန်လိပ်ထားသော ပတ်တီးစလေးကတော့ဖြင့် ထူလို့လာ၏။
ပတ်တီးတွေဖြည်ပြီး မျက်လုံးနှစ်ဖက်တွင် အုပ်ကွယ်ထားသည့် မျက်လုံးအကာအကွယ်ခွက်လေးနှစ်ခု ခွာလိုက်ချိန်မှာတော့ တည်ကြည်ချောမွေ့သော ဝမ်ရီပေါ်ရဲ့မျက်နှာကို ရှောင်ကျန့် ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည်။