Nway Oo _ 0004 [Unicode]

224 12 4
                                    

နွေဦးပုံပြင် _ 0004
သကြားလုံး ၃ လုံး










           သကြားလုံး ၃ လုံး

Penchant Private School ၏ မနက်ခင်း ကျောင်းတက် ချိန်သည် ကလေးငယ်များ အသံဖြင့် ဆူညံလျက် ရှိသည်။

“မြန်မြန်ပြေး …. ကျောင်းနောက်ကျရင် အတန်းအပြင်မှာ မတ်တပ် ရပ်နေရလိမ့်မယ်”

“အေးပါဟ”

အသံစွာစွာနှင့် ကောင်မလေးသည် ရှပ်အင်္ကျီအဖြူလေးနှင့် အနီရောင် စကပ်တိုလေး ၀တ်ထားပြီး သိပ်ချစ်စရာကောင်းနေသည်။ ပြေးသွားသည့်အခါ တွင် ဂုတ်ဝဲ ဆံပင်လေးသည် ၀ဲခါနေလေသည်။ အတန်းထဲ ရောက်ချိန်တွင် တော့ အတန်းစနေပြီ ဖြစ်ပြီး ဆရာမ ဆူတာ ခံလိုက်ရလေသည်။

“၀င်းလဲ့လဲ့ထွန်း! နောက်ကျ ပြန်ပြီ”

“တစ်ခါတလေပါ ဆရာမကလည်း”

“မရဘူး။ သွား … အတန်းထဲ မ၀င်နဲ့။ အပြင်မှာ လက်မြှောက်နေစမ်း။ ပြောထားလည်း မရဘူး။ အမြဲတမ်း နောက်ကျနေတာပဲ”

“နောက်တစ်ခါ မဖြစ်စေရဘူးလေ”

“ပြန်မပြောနဲ့။ ခိုင်းတဲ့အတိုင်း လုပ်”

“ဟုတ်ကဲ့”

အတန်းအပြင်ဘက်တွင် ၀င်းလဲ့လဲ့ထွန်း နည်းတူ မတ်တပ်ရပ်နေသူ တစ်ယောက်လည်း ရှိသည်။

“ဟိန်းမင်းထက်လည်း နောက်ကျလို့ ထင်တယ်”

“ဟုတ်မှာပေါ့”

“၀င်းလဲ့ နောက်နေ့ နင့်ဘာသာ လာတော့ဟာ”

လက်မြှောက်နေသော ကလေးမသည် မျက်စောင်းထိုးကာ ကြည့်လိုက် ပြီး စူပုတ်သွားလေသည်။

“မင်းဝေယံ နင်က အခုတော့ ဒီလိုပြောပြီပေါ့”

“အေးလေ အမြဲတမ်း နင့် စောင့်နေရလို့ ငါက နောက်ကျတာလေ”

“နေပေါ့ နောက်နေ့ နင့်ထက်စောအောင် လာပြမယ် ကြည့်နေ”

မင်းဝေယံက ရယ်လေသည်။

“၀င်းလဲ့ရာ ဖြစ်နိုင်တာကို ပြောစမ်းပါ။ နင်လား စောမှာ”

“တစ်ခါတလေ နောက်ကျတာကို”

“ဘာ တစ်ခါတလေလဲ အမြဲတမ်း လက်မြှောက်နေရတာလေ”

၀င်းလဲ့သည်လည်း ကိုယ့်အပြစ်နဲ့ကိုယ်မို့ ပါးစပ်ပိတ်လိုက် ရသည်။ မပိတ်လို့လည်း မရပေ။ ဆရာမက အတန်းအပြင်ဘက် လှည့်ကြည့်နေပြီ ဖြစ်ကာ စကားများနေသော သူတို့နှစ်ယောက်အား မကြည်သလို ကြည့်နေပြီ ဖြစ်သည်လေ။

“ဟို ၃ ယောက် ၀င်လာခဲ့တော့”

“ဟုတ်”

၀င်းလဲ့တို့ နှစ်ယောက်နှင့် ကျန်ကျောင်းသားတစ်ယောက်လည်း မြှောက်နေရသည့် လက်ကို ချကာ အတန်းထဲ ကုတ်ကုတ် ကုတ်ကုတ်ဖြင့် ၀င် လာကြလေသည်။

<3

အတန်းချိန်တွင် ကျောင်းသားများသည် တိတ်ဆိတ်စွာ စာလုပ်နေကြ သော်လည်း ထုံးစံအတိုင်း ၀င်းလဲ့လဲ့ထွန်းသည် စကားများနေလေသည်။

“မဟုတ်သေးဘူး အဖြေက ၃၀ ပါဆို”

“၀င်းလဲ့ရာ နင်မှားနေတာပါဆိုဟာ အဖြေက ၁၈ ပဲ ရတာ”

“ဟယ် မဟုတ်တာ။ ငါ သေချာ တွက်ထားတာနော် ၃၀ ရတယ်”

“မဟုတ်ပါဘူးဆိုနေ ၁၈ဟ။ ငါလည်း သေချာ တွက်ထားတာ”

“လောင်းမလား”

“အေး လောင်းမယ် အဖြေက ၁၈ သေချာတယ်”

နောက်ဆုံးတော့ ဆရာမသည်လည်း သည်းမခံနိုင်တော့ပေ။ ကျောင်း သူ၊ ကျောင်းသား အားလုံး တိတ်ဆိတ်စွာ သင်္ချာ တွက်နေသော်လည်း တစ်တန်းလုံးတွင် နှစ်ယောက်တည်း ကွက်ကာ ဆူညံနေလေသည်။

“၀င်းလဲ့လဲ့ထွန်း! မင်းဝေယံ! ထစမ်း။ ဘာတွေ ဆူညံနေတာလဲ”

“မဟုတ်ဘူး ဆရာမ။ ဆရာမ တွက်ခိုင်းထားတာ အဖြေက ၃၀ ရလို့”

“မဟုတ်ဘူးနော်။ သားတွက်တာ ၁၈ ပဲ ရတာနော်”

ဆရာမရှေ့တွင်ပါ ငြင်းခုံနေကြသဖြင့် ဆရာမ ခေါင်းကိုက်နေပြီ ဖြစ် သည်။ ပိုပြီး စိတ်တိုစရာက တစ်ယောက်မှ အဖြေ မမှန်။

“ဘာတွေ လျှောက်တွက်ထားကြတာလဲ။ အဖြေက ၉ ပါဟယ်”

“ရှင်”

“ဗျာ”

နှစ်ယောက်သား စိတ်ညစ်သွားလေသည်။ ကြိုးစားပမ်းစား တွက်ထား ကြသည့် အဖြေမှာ နောက်ဆုံးတော့ တလွဲ ဖြစ်နေပြန်သည်။

“တော်စမ်း။ နင်တို့ နှစ်ယောက် ပေါက်ကရတွေ လျှောက်တွက်ပြီး ပြီးရင် ဟုတ်တာလည်း မဟုတ်ဘူး။ စကားပဲ များနေတာ”

“မများပါဘူး”

“တော်။ နေရာ ခွဲထိုင်ကြစမ်း”

“ဘယ်မှာ ထိုင်ရမှာလဲ”

“သွား … မင်းဝေယံက ရှေ့ဆုံးတန်း သွားထိုင်။ ၀င်းလဲ့လဲ့ထွေးက နောက်ဆုံးတန်းမှာ ထိုင်”

သို့ဖြင့် မင်းဝေယံသည် တခြား ကောင်လေး တစ်ယောက်နှင့် ထိုင် လိုက် ရပြီး ၀င်းလဲ့လဲ့ထွန်းသည် ဟိန်းမင်းထက်နှင့် အတူ ထိုင်ရလေသည်။

ဟိန်းမင်းထက် ….။

ဟိန်းမင်းသည် စာသိပ်တော်သည့်အပြင် အရွယ်နှင့် မလိုက်အောင် တည်ငြိမ်သည်။ ၃ တန်းသာ ရှိသေးသော်လည်း တခြား ကလေးများထက် အရပ် ရှည်ကာ အင်မတန် ချောမောသည်။ ချေမိုးနေသဖြင့် သူငယ်ချင်း မရှိ။

၀င်းလဲ့လဲ့ထွန်းသည် မင်းဝေယံ မရှိသဖြင့် သိပ်ပြီး ပျင်းနေပြီ ဖြစ်ကာ နောက်ဆုံးတန်းတွင် တစ်ယောက်တည်း အထီးကျန်နေသည်။ ပျင်းလွန်းလို့ ခဲတံကို လက်နှင့်လှည့်ပြီး ဆော့နေရာ ဟိန်းမင်းက မျက်မှောင် ကြုံ့သွားသည်။

“ကလေးမ ငြိမ်ငြိမ်နေစမ်း။ စာသင်နေတာ သေချာ လိုက်နားထောင်။ မဆော့နဲ့”

“ဘာကို ကလေးမလဲ။ ငါနဲ့ နင်က အသက်တူတူပဲ”

“မဆော့နဲ့”

“ဆော့မှာပဲ”

စိတ်မရှည်တော့သော ဟိန်းမင်းက ခဲတံကို ဆွဲလုလိုက်ရာ ခဏတော့ ငြိမ်သွားလေသည်။ သိပ်မကြာပါ။ ခဲဖျက်ကို ခဲတံချွန်ဓားဖြင့် လှီးဖြတ်ကာ ဆော့ နေပြန်သည်။ ခဲဖျက်ကိုအတုံးသေးသေးလေးတွေ ဖြစ်အောင် ထိုင်လှီးနေသဖြင့် စားပွဲတစ်ခုလုံး ရှုပ်ပွနေလေသည်။ ဟိန်းမင်းထက် သက်ပြင်းချလိုက်ကာ ခေါင်း ရမ်း မိသည်။

ဒီကလေးမက သိပ်ဆော့တာပဲ။

“လိမ္မာပါတယ် ငြိမ်ငြိမ်လေး ထိုင်ပြီး စာနားထောင်စမ်းပါ ကလေးမရာ”

“ပျင်းစရာကြီး”

“လိမ္မာရင် ခဏနေ မုန့်ဝယ်ကျွေးမယ်လေ”

“တကယ်လား”

“အင်း”

၀င်းလဲ့သည် ဟိန်းမင်းကို ရယ်ပြလိုက်ရင်း ချက်ချင်း ဆော့နေတာကို ရပ်လိုက်ကာ စာကို သေချာ လိုက်ပြီး နားထောင်နေလေသည်။ မုန့်စားဖို့ဆိုတာ တကယ့်ကို မဟာ အခွင့်အရေးပင် ဖြစ်သည်။ ၀င်းလဲ့ အိမ်က မုန့်ဖိုးမပေး။ ထမင်းချိုင့်သာထည့်ပေးသဖြင့် နေ့စဉ် အိမ်မှထည့်ပေးလိုက်သော နေ့လည်စာ ကိုသာ လိမ်လိမ်မာမာနှင့် စားနေရသည်။

ကျောင်းဆင်းချိန်ရောက်တော့ မင်းဝေယံက နောက်ဆုံးတန်းသို့ ရောက်လာလေသည်။ မင်းဝေယံသည်လည်း ထမင်းချိုင့်လေးနှင့် ဖြစ်သည်။ ဟိန်းမင်းက အာလူးကြော် တစ်ထုပ်၊ အချဉ်ထုပ် တစ်ထုပ်နှင့် သကြားလုံး ၃လုံး ၀ယ်လာခဲ့သည်။

“ရော့ … ကလေးမ”

“ဟီးဟီး ကျေးဇူးတင်ပါတယ်”

မင်းဝေယံက ခပ်တည်တည်နှင့်ပင် အာလူးကြော်ထုပ် ဖောက်လိုက် သဖြင့် ၀င်းလဲ့က မျက်စောင်းထိုးလေသည်။

“ဟဲ့ ဒါ ငါ့မုန့်နော်”

“မကျွေးဘူးလား နင်က”

“မကျွေးပေါင်”

“မကျွေးလည်း စားမှာပဲ”

“မင်းဝေယံ!”

“မကျွေးရင် ဒေါ်လေးငယ်ကို ပြန်တိုင်မှာနော်။ အပြင်ကနေ မုန့်တွေ ၀ယ်စားနေတယ်လို့”

“နင်ကလည်းဟာ အကျင့်ကို မကောင်းဘူး။ စားစား”

တစ်စက်မှ မတည့်သော ကလေးနှစ်ယောက်ကို ကြည့်ပြီး ဟိန်းမင်း ရယ်မိသည်။ အိမ်က ညီမနှင့် ဆိုလည်း ဒီတိုင်းပါပဲ။ မောင်နှမတွေက တည့်တာ ရှားသည်။

“ကလေးမ။ နာမည် ဘယ်လိုခေါ်လဲ”

“၀င်းလဲ့လဲ့ထွန်း”

ကလေးမလို့ ခေါ်နေသော်လည်း မုန့်ဝယ်ကျွေးထားသည်မို့ ရန်မတွေ့ တော့ဘဲ ငြိမ်နေလိုက်သည်။

“မင်းကရော”

“မင်းဝေယံ”

ဟိန်းမင်းက ခေါင်းညိတ်လိုက်ပြီး ဆရာကြီးလေသံနှင့် ထပ်ပြောလိုက် သည်။

“ငါ့ကို အကိုကြီးလို့ ခေါ်ကြ”

ထမင်းစားနေရင်းနှင့် နှစ်ယောက်သားက မော့ကြည့်ကြပြီး မျက်နှာကို မဲ့လိုက်ကြသည်။

“မခေါ်နိုင်ပေါင်”

“မခေါ်ဘူး”

ပြိုင်တူပင် ငြင်းပြီး အချင်းချင်း ပြန်ကြည့်ကာ မကြည်သည့် ပုံစံနှင့် ကြည့်နေသော မင်းဝေယံကို ၀င်းလဲ့က မျက်စောင်းထိုးလိုက်သည်။

“ငါက မင်းတို့ အစ်ကိုကြီး လုပ်မယ်လေ”

“မရဘူး နင်က ငါတို့နဲ့ အသက်တူတူပဲ”

၀င်းလဲ့က ပြောတော့ မင်းဝေယံကလည်း ခေါင်းညိတ်သည်။

“ဟုတ်တယ်။ အသက်တူလို့ သူငယ်ချင်းပဲ လုပ်လို့ ရမယ်”

မင်းဝေယံနှင့် ၀င်းလဲ့သည်လည်း သူငယ်တန်းမှ စပြီး ၃တန်းအထိ သူငယ်ချင်း အသစ် မထားပေ။ အိမ်နီးချင်း ဖြစ်သည်မို့ နှစ်ဦးသားသည် ငယ်ငယ်ကတည်းက ရင်းနှီးခဲ့ကြပြီး အမြဲလိုလို တစ်တွဲတွဲပင်။ သူတို့အချင်းချင်း သိပ်တော့လည်း မတည့်ပေ။ အခုတော့ ဟိန်းမင်းထက်ကို ချွင်းချက် အနေနှင့် သူငယ်ချင်း အဖြစ် လက်ခံရန် ဆုံးဖြတ်လိုက်ကြသည်။

ဟိန်းမင်းက သူတို့ကို မုန့်ဝယ်ကျွေးသည်လေ။ ဒါကြောင့် သူတို့ သူငယ်ချင်း သေချာပေါက် ဖြစ်သင့်သည်ဟု တွေးကြသည်။

<3

“ခုနက ပိုက်ဆံ ဘယ်လောက် ကောက်ရလဲ”

“တော်တော့နော်”

“ဘာလဲ ပိုက်ဆံ ပြေးကောက်တာ မဟုတ်ဘူးလား”

“ဟိန်းမင်းထက်!”

တိတ်ဆိတ်နေနေသော စာသင်ခန်းထဲတွင် ၀င်းလဲ့လဲ့ထွန်း အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့် ဆရာမပင် အလန့်တကြား ဖြစ်သွားကာ ဖြေဖြူ လက်ထဲမှ လွတ်ကျသွားလေသည်။ ဟိန်းမင်းက တစ်ခွိခွိ ရယ်နေလေ သည်။
ဒီကလေးမ စိတ်တိုရင် တကယ် ရယ်ရတယ်။

အတန်းမစခင်က မုန့်ဈေးတန်းမှ အပြန် ၀င်းလဲ့သည် လမ်းကို လူလို သူလို မလျှောက်။ ခုန်ပေါက်နေပြီး မင်းဝေယံရော ဟိန်းမင်းပါ ကြည့်မရတော့ ပေ။ မြောက်ကြွမြောက်ကြွ ဖြစ်နေသည်မှာ ၀င်းလဲ့အား အိမ်မှ မွေးနေ့ လုပ်ပေး မည်ဟု ပြောလိုက်သောကြောင့် ဖြစ်သည်။ ခုန်ပေါက်နေရင်း အတန်းရှေ့ ရောက်တော့ မည်သူကများ ရေ မှောက်ကျထားသည်မသိ။ ရေကွက်ကြီးကို ၀င်းလဲ့က မမြင်။ ချော်လဲလေရာ ဟိန်းမင်းရော ဝေယံပါ အားရပါးရ ရယ်ကြ လေသည်။ သည်လောက် ဆော့သည့် ကလေးမကို ထူပေးဖို့ အစီအစဉ် နှစ်ယောက်လုံးတွင် မရှိ။ သို့သော် ၀င်းလဲ့လဲ့ထွန်းသည် ချက်ချင်းပင် ထလာကာ နှစ်ယောက်လုံးကို လိုက်ရိုက်လေသည်။

စာသင်ချိန်တွင် မင်းဝေယံနှင့် ၀င်းလဲ့ကား နေရာခွဲထိုင်ရသဖြင့် ဟိန်းမင်းနှင့် နှစ်ယောက်တည်းသာ ကျန်ခဲ့သည်။ ဟိန်းမင်းသည် ချော်လဲသည့် ကိစ္စကို လိုက်စနေရာ ၀င်းလဲ့ ဒေါသ ထိန်းမရတော့ပေ။

“၀င်းလဲ့လဲ့ထွန်း နေရာခွဲထားတာကို ရအောင် စကားများသေးတာလား”

“ဆရာမ သမီး မဟုတ်ဘူး။ သူအရင် စတာ”

ဆရာမသည် မယုံသင်္ကာဖြင့် ဟိန်းမင်းကို ကြည့်လိုက်ရာ ဟိန်းမင်းက အူကြောင်ကြောင်လေး ကြည့်ကာ ခေါင်းရမ်းပြလေသည်။ အတန်းထဲတွင် စာတော်သဖြင့် ဟိန်းမင်းကို ဆရာမတိုင်း ချစ်ကြသည်။ ၀င်းလဲ့လဲ့ထွေးသည် ကား သည်ဆရာမအတွက်တော့ ပြောစကားဆို ဘယ်သောအခါမှ နားမထောင် သည့် လူဆိုးမကလေးပင်။ သို့ဖြင့် ၀င်းလဲ့စကားကို မယုံပေ။

“လျှောက်ပြောမနေနဲ့။ မတ်တပ်ရပ်ပြီး လက်မြှောက်နေ။ ထပ်ပြီး စကားသံ ထွက်လာလို့ကတော့ အတန်းရှေ့ ထွက်ပြီး လက်မြှောက်ရမယ်။  ဒါပဲ”

ဆရာမထွက်သွားသည်နှင့် တည်ကြည်နေသော ဟိန်းမင်း မျက်နှာမှာ ပြုံးစစ ပြန်ဖြစ်သွားပြီး လက်မြှောက်နေသော ကလေးမကို ကြည့်ကာ လျှာ ထုတ်ပြီး ပြောင်ပြလိုက်သည်။

“နင် …”

“ရှူး …. တိုးတိုး။ အတန်းရှေ့ ရောက်ချင်လို့လား”

စိတ်တိုလွန်းသဖြင့် မျက်နှာ တစ်ခုလုံး နီရဲလာသည့် ကလေးမကို ကြည့်ကာ ကြိတ်ရယ်လိုက်သည်။

ဒီကလေးမကို လိုက်စရတာ တကယ် ပျော်စရာကောင်းတယ်။

<3

လေးတန်းရောက်သည်အထိ သုံးယောက်သားက တပူးပူး တတွဲတွဲ။ လေးတန်းရောက်တော့ စာတော်ပြီး ရုပ်ချောသော ဟိန်းမင်းထက်ကို အတန်း သူ ကောင်မလေးများသည် ရင်ခုန်ကြလေသည်။ သို့သော် ဟိန်းမင်း အနားကို ကပ်လို့ရသည့် မိန်းကလေးကား များများစားစား မရှိ။ ၀င်းလဲ့လဲ့ထွေး ဆိုသော ခပ်စွာစွာ၊ ခပ်ဆိုးဆိုး ကောင်မလေးနှင့် တစ်ခါတလေ အတန်းထဲ လာလည် တတ်သော ဟိန်းမင်း ညီမလေးသာ ရှိသည်။ သို့နှင့် ဟိန်းမင်းကို သဘောကျ သော ကောင်မလေးများက ၀င်းလဲ့လဲ့ထွေးကို ကပ်ကြလေသည်။ ၀င်းလဲ့သည် မုန့်စားရရင် ပြီးရော အကုန်လိုက်လုပ်ပေးလေသည်။ အခုလည်း အတန်းထဲမှ ရတီခိုင် ဆိုသော ကောင်မလေးက ၀င်းလဲ့ကို မုန့်ဝယ်ကျွေးပြီး ဟိန်းမင်းကို ပြောခိုင်းလေသည်။

“ဟိန်းမင်း ရော့”

“ဒါက ထပ်ပြီး ဘယ်သူ့ ရည်းစားစာလဲ”

“ရတီခိုင်လေ .. သူက နင့်ကို တကယ်ကြိုက်တာပါဟာ”

“တော်စမ်း”

“တကယ်ပြောတာ ရုပ်ကလေးကလည်း ချောတာပဲကို ပြန်ကြိုက် လိုက်ပါဟာ”

“မကြိုက်ဘူး”

“လုပ်ပါ နင်သာ ပြန်ကြိုက်ရင် သူက ငါ့ကို နေ့တိုင်း ချောကလက် ၀ယ် ကျွေးမှာတဲ့”

ဟိန်းမင်းထက်သည် သည်းခံနိုင်သည့် အတိုင်းအတာကို ကျော်လွန် သွားပြီ ဖြစ်ကာ အင်မတန်မှ စိတ်ဆိုးလာလေသည်။

“၀င်းလဲ့လဲ့ထွန်း! နင် အဲ့လောက်တောင် ငတ်နေလား”

ရုတ်တရက် ထအော်လိုက်သဖြင့် ၀င်းလဲ့ ကြောင်အမ်းသွားသလို တစ်တန်းလုံးလည်း အံ့သြကာ လှည့်ကြည့်ကြလေသည်။ ပြောရရင် ဟိန်းမင်း သည် အနေတည်ပြီး မာနကြီးသော်လည်း ၀င်းလဲ့ကိုတော့ သိပ်ခင်ရှာသည်။ အချိန်ပြည့် လိုက်စနေတတ်သော်လည်း ရန်တွေ့သော ၀င်းလဲ့ကို တစ်ခါမှ ပြန် မအော်ခဲ့ဖူးပေ။ စိတ်တိုနေသော ကလေးမကို ကြည့်ကာ ရယ်မောနေတတ်ပြီး များသောအားဖြင့်လည်း ၀င်းလဲ့ကို အလိုလိုက်တတ်သည်။ သူ့တွင် ညီမငယ် ရှိသည့်အပြင် သူ့ကိုယ်တိုင်လည်း ၀င်းလဲ့၏ အစ်ကိုကြီး ဖြစ်ချင်လေသည်။

“ဘာပြောလိုက်တယ် …”

“နင် အဲ့လောက်တောင် ငတ်နေလား။ မုန့်စားရရင် ဘာလုပ်ရ လုပ်ရလား။ ဒါဆို နင့်ကို မုန့်ဝယ်ကျွေးတဲ့သူက ကြိုက်နေတယ်ဆို နင် ဘယ်သူ ဖြစ်ဖြစ် ပြန်ကြိုက်လိုက်မှာလား ဟမ်”

“ဟိန်းမင်းထက်! နင် … နင်”

၀င်းလဲ့သည် စွာသော်လည်း စကားတတ်သူ မဟုတ်။ စိတ်ဆိုးလာလျင် ဘာပြောလို့ ပြောရမှန်းပင် မသိ။ ဘာမှ ဆက်မပြောနိုင်ဘဲ အော်နေရင်း မျက်ရည်များ ကျလာလေသည်။

ဟိန်းမင်းက ငါ့ကို ဆူတယ်။ သူက ငါ့ကို လူအများကြီး ရှေ့မှာ အော်လိုက်တယ်။

ရုတ်တရက် ၀မ်းနည်းလာကာ လွယ်အိတ် ကောက်လွယ်ပြီး အတန်း ထဲမှ ငိုပြီး ထွက်သွားကာ ချက်ချင်း အိမ်ပြန်သွားလေသည်။ မင်းဝေယံက ဆရာမကို ခွင့်တိုင်ပေးကာ ကျောင်းဆင်းသည်နှင့် ၀င်းလဲ့အိမ်သွားကာ ချော့ရ လေသည်။

နောက်နေ့တွင်တော့ ၀င်းလဲ့လဲ့ထွန်းက ဟိန်းမင်းထက်ကို လုံးဝ စကား မပြောတော့ပေ။

“၀င်းလဲ့ … နင်တို့ နှစ်ယောက် ပြန်ခေါ်လိုက်ပါတော့ဟာ”

“မခေါ်နိုင်ပါဘူး။ သူ ငါ့ကို ဘယ်လို ပြောထားလဲ နင်သိရဲ့သားနဲ့”

“နင်ကလည်းဟာ ဟိန်းမင်းက ကျောင်းလည်း ပြောင်းရတော့မှာကို”

“ဟမ့် … သေတောင် မခေါ်ဘူး”

မင်းဝေယံသည် သူငယ်ချင်း နှစ်ယောက်ကြားတွင် စိတ်ညစ်နေပြီ ဖြစ်သည်။ ၄တန်းအောင်ရင် ဟိန်းမင်းထက်သည် တခြား ကျောင်းကို ပြောင်းရ တော့မည် ဖြစ်သဖြင့် ခွဲခွာရမည်ကို တွေးမိကာ စိတ်မကောင်း။ ရှားရှားပါးပါး ယောက်ျားလေး သူငယ်ချင်းဆိုလို့ မင်းဝေယံတွင် ဟိန်းမင်း တစ်ယောက်သာ ရှိလေသည်။ သူငယ်ချင်း အသစ် ထားလို့လည်း မရ။ ၀င်းလဲ့လဲ့ထွေးကို သည်းခံ နိုင်သည်မှာ ဟိန်းမင်း တစ်ယောက်သာ ရှိလေသည်။

“နင်ကလည်း လျှောက်အောင်သွယ်နေတာကိုး။ သူက သရဖူကို ကြိုက်နေတာ သိရဲ့သားနဲ့”

“အဲ့တာက သေချာလို့လား။ ငါ မေးတုန်းက ဘာမှ ပြန်မပြောဘူးနော်”

“မသိဘူးလေ သူက သရဖူကို ကြိုက်နေတယ်လို့ သတင်းထွက်နေတာကိုး”

“မသိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ခါတိုင်းလည်း ငါက ပြောပေးနေကြပဲ ကို …. မကြိုက်ရင်လည်း မကြိုက်ဘူး ပြောလိုက်ရင် ပြီးနေတာပဲကို”

“နင်ကလည်း နင်ပဲလေ။ သူ စိတ်ရှုပ်မှာပေါ့ဟ”

“ဟွန့်”

ဟိန်းမင်းဘက် ပါနေသော မင်းဝေယံကို မျက်စောင်းထိုးလိုက်မိသည်။

<3

သည်နေ့က ကျောင်းနောက်ဆုံးနေ့ ဖြစ်ပြီး ဟိန်းမင်းထက်နှင့် ကျောင်း အတူတူ တက်ရသည်မှာ နောက်ဆုံးနေ့ ဖြစ်သည်။ အိမ်ရောက်တော့ လွယ်အိတ်ထဲမှ သကြားလုံး ၃လုံး ထွက်လာသဖြင့် ၀င်းလဲ့ ပြုံးလိုက်မိသည်။

“ဒါက ငါ့ကို ပြန်ချော့တာလား”

ဘယ်ချိန်က မသိအောင် ထည့်ထားသည် မသိ။ သကြားလုံးကို ကြည့်ရင်း ပြုံးနေမိချိန်တွင် အိမ်က အမေက တွေ့သွားလေသည်။

“သကြားလုံးတွေ မစားပါနဲ့ဆို ခိုးစား ပြန်ပြီလား”

“မဟုတ်ပါဘူး အမေကလည်း”

“ပြောစကားဆို ဘယ်တော့မှ နားမထောင်ဘူး။ ဒါက ဘယ်သူ ၀ယ်ပေးလိုက် ပြန်တာလဲ”

“မဟုတ်ပါဘူးဆို အမေကလည်း တခြားသူက သမီး မသိအောင် ထည့်ပေးလိုက်တာပါ”

“အပိုတွေ မပြောနဲ့။ နင် အတင်း မ၀ယ်ခိုင်းဘဲ ဘယ်သူမှ နင့်ကို ကျွေးမှာ မဟုတ်ဘူး။ မုန့်တွေ တောင်းစားနေရအောင် နင်က သူတောင်းစား လား။ ၀င်းလဲ့လဲ့ထွေး နင်က ငါတို့ကို နာမည်ဖျက်နေတာပဲ။ အိမ်က နင့်ကို မကျွေးလို့လား”

၀င်းလဲ့ စိတ်ဆိုးမာန်ဆိုးဖြင့် သကြားလုံး ၃လုံးကို အခန်းထဲသို့ ပစ်ပေါက်လိုက်ရာ အမေက ကြိမ်လုံးဖြင့် လိုက်ရိုက်လေတော့သည်။

“ဒါ ဘာအချိုး ချိုးတာလဲ။ လာခဲ့စမ်း”

အိမ်ထဲမှ ထွက်ပြေးလာရင်း လမ်းထိပ်ရောက်တော့ တိုက်တိုက် ဆိုင်ဆိုင်ပင် ဟိန်းမင်းထက်နဲ့ တွေ့လေသည်။

“ငါ နင့်ကို လာနှုတ်ဆက်တာ ကလေးမ”

စိတ်ဆိုးနေသည့်အချိန်မှာ သကြားလုံး ပိုင်ရှင်ကို တွေ့လိုက်ရကာ ၀င်းလဲ့ ပိုပြီး ဒေါသထွက်သွားလေသည်။ မျက်စောင်းပင် မထိုးနိုင်တော့ဘဲ လှည့်ထွက်လာခဲ့သည်။

“တာ့တာနော် … ငါ သွားရတော့မှာ”

ဟိန်းမင်း ပြောနေသော်လည်း လုံးဝ လှည့်မကြည့်ခဲ့ပေ။

<3

အတန်းထဲတွင် ထိုင်နေရင်း ထုံးစံအတိုင်း မင်းဝေယံနှင့် ၀င်းလဲ့လဲ့ထွန်း စကားများနေကြပြန်သည်။

“အဲ့စာကို နင့်ဘာသာ ယူပြီး နင်ပဲ ပြန်ကြိုက်လိုက်တော့”

“၀င်းလဲ့ရာ အဲ့အစ်ကိုကြီးက နင့်ကို ကြိုက်နေတာလေ”

“တော်စမ်း။ နင့်ကြောင့် အိမ်က စာတွေ မိသွားပြီး ငါပဲ ရိုက်ခံရတာ”

“ရိုက်ခံရတာပဲ ခံလိုက်ပေါ့”

“မင်းဝေယံ!”

အခုတော့ ၀င်းလဲ့ လုံးဝ ကိုယ်ချင်းစာမိပြီ။ ဟိန်းမင်း စိတ်ရှုပ်ခဲ့တာကို တကယ်ကြီး နားလည်သွားပြီဖြစ်သည်။ မင်းဝေယံသည် ၀င်းလဲ့ကို ကြိုက်သမျှ ကောင်လေးတိုင်းနှင့် အောင်သွယ်ပေးတတ်လေသည်။ မင်းဝေယံသည် မုန့်သာ စားရရင် သူငယ်ချင်း ကိုတောင် ရောင်းစားနိုင်သည့် ကောင်လေး ဖြစ်သည်။

“ဒါနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ကွန်ပျူတာပန်းချီ ပြိုင်ပွဲမှာ နင် ဆုရတယ်ဆို”

“ဒါပေါ့ ၀င်းလဲ့လဲ့ထွေးပဲလေ။ စာသာ မတော်ချင် မတော်မယ် ပုံဆွဲတဲ့ နေရာတော့ ဘယ်လို ဆွဲရ ဆွဲရ ငါ့ကို ယှဉ်နိုင်တဲ့သူ မရှိပါဘူး”

“ကျောင်းပေါင်းစုံ ဆုပေးပွဲကို နင် သွားယူရမှာပေါ့”

“အေးလေ ငါက ပထမဆု ရတာပဲဟာ”

“ဟိန်းမင်းလည်း ဆုယူရမှာဟ သူက ဒုတိယဆု”

“ဟုတ်လား”

ဟိန်းမင်း …။

နွေဦးပုံပြင်များ [နွေဦးပုံပြင်များ] Where stories live. Discover now