"ငါတို့ လမ်းခွဲရအောင်"
လာဗင်ဒါရနံ့တို့ ထုံမွမ်းလျက်ရှိသည့် အခန်းငယ်အတွင်း ပျံ့လွင့်လာသော Beethoven ၏ တေးသွားသံစဉ်တစ်ခုနှင့်အတူ မလိုက်ဖက်လှစွာ ထွက်ပေါ်လာခဲ့သော စကားသံ။
ထိုအခန်းငယ်၏ သခင်ဖြစ်သူမှာ ခရမ်းရောင် နံရံဆေးရေးပန်းချီတို့ဖြင့် ခြယ်မွမ်းထားသော မျက်နှာကြက်ကို အကြောင်းမဲ့ငေးကြည့်နေရင်း ဒေါသအဟုန်ကြောင့်ထင် ခပ်ရှုပ်ရှုပ် ဆံပင်ကောက်ကောက်တို့အား စိတ်ရှုပ်စွာ ဆွဲဖွလာခဲ့ကာ ဒုတိယအကြိမ်မြောက် ပြောလာသည်က။
"ငါ စိတ်ကုန်နေပြီ။ ဒီအနေအထား၊ ဒီအခြေအနေ အကုန်လုံး၊ အားလုံးကို ငါစိတ်ကုန်နေတာ"
အညိုဖျော့ဖျော့ မျက်ဝန်းငယ်တစ်စုံသည် စိတ်ရှုပ်ထွေးမှုကြောင့် အတန်ငယ် နီရဲနေခဲ့သလို ဝမ်းနည်းမှု အရိပ်အယောင်တို့က ထိုမျက်ဝန်းတွေနောက် ကပ်ပါနေခဲ့လျက်။
"Jungkook...ငါတို့ လမ်းခွဲရအောင်။ မင်းလဲ မင်းအနာဂတ်ကို မင်းဟာမင်း ဖန်တီး...။ ငါလဲ ငါ့လမ်းငါ လျှောက်တော့မယ်"
အေးစိမ့်စိမ့်နိုင်လှသော အခြေအနေတစ်ခုတွင် သူ့ဘက်က ဘာတစ်ခုမှ ခွန်းတုံ့ပြန်လို့မရ။ အကြောင်းမှာ Kim Taehyung ဆိုသည့် အနှီအခန်းငယ်၏ အရှင်သခင်ဖြစ်သူအား မလွန်ဆန်နိုင်ခဲ့၍။
"ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ"
သူ့ဘက်က စကားတစ်ခွန်း အခြေပြု စတင်လိုက်သောအခါ ထိုအမေးအပေါ် ၌ မနှစ်မြို့သွားသည့်အလား မျက်လွှာပင့်ကြည့်လာပါ၏။
"ဘာကို ဘယ်လိုလုပ်ရမှာလဲ။ ငါ ပြောတာ ရှင်းရှင်းလေး။ မင်းနဲ့ငါ လမ်းခွဲမယ်။ ပြီးရင် ကိုယ့်လမ်းကိုယ်လျှောက်မယ်။ ဒါပဲလေ။ ဘာကို ဘယ်လို လုပ်ချင်သေးတာလဲ မင်းက"
သပွတ်အူလို ရှုပ်ထွေးနေလှသည့် ဆက်ဆံရေးမျိုးလည်း မဟုတ်ပါဘဲနှင့် မပြီးဆုံးနိုင်သည့် စကားအမျှင်တန်းတို့က အမေးတစ်ခွန်းကနေ နောက်ထပ်အမေးတစ်ခွန်းပေါ်သို့ ထပ်ဆင့် ရောက်ရှိလာခဲ့ချိန် သူရယ်လိုက်မိသည်။ ပေါ့ပြက်ပြက် အနေအထားဖြင့် တကယ်ကို မလေးမနက်။