Fictional Soundtrack- Face to Face by Ruel
-🔒-
"အပြင်သွားရင် mask တပ်ဦးနော်""Mask Mask အဲ့ဒီ Mask ပဲမေ့နေတာ"
ဖေဖေ့ရဲ့ သတိပေးစကားသံကြောင့် အိမ်ထဲတခါပြန်ဝင်ပြီး နှာခေါင်းစည်းပြန်ယူရသည်။ အမှန်တိုင်းပြောရရင် ဒါဟာ ကိစ္စကြီးတွေဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အိမ်အပြင်ထွက်ခြင်းလို့ဆိုရမလား။ ရိက္ခာကုန်နေလို့ မဖြစ်မနေ ထွက်ရခြင်းသာဖြစ်သည်။
Covid 19...။ အဲ့ဒီစကားကြီးကို မကြားချင်တော့ဘူးမလား။ အရမ်းကိုမုန်းလွန်းလို့လေ။ 2020 အစောပိုင်းမှာ စတင်ဖြစ်ပွားလာတဲ့ တရုတ်နိုင်ငံအခြေစိုက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကမ္ဘာ့ကပ်ရောဂါကြီး။ စိတ်ပျက်စရာကောင်းလိုက်တာ။ ကိုယ်တွေကတော့ 2020 ကျရင် အပြတ်ကဲဖို့ စီစဥ်ထားရာကနေ အဲ့ဒီဘာမှသုံးစားမရတဲ့ စောက်ဗိုင်းရပ်စ်က ကမ္ဘာအနှံ့လျှောက်သွားပြီးကိုး ဒုက္ခတွေပေးနေတာ။ ဒါတွေအကုန် ခင်ဗျားတို့ သိပြီးသားပါ အဲ့ဒီပြဿနာကောင်ကို စာစီလို့ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ ရတယ်မလား?။
သူ့ကြောင့်နဲ့ အိမ်ထဲက အိမ်ပြင်မထွက်၊ အိမ်ထဲမှာပဲအောင်းနေပြီး စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်နဲ့တင် သံသရာလည်လို့လည်။ တစ်ချိန်လုံး online ပေါ်မှာပဲမို့ နေ့တွေညတွေမှားလို့မှား၊ အိပ်ချိန်ဟာမမှန်တော့။ တနေကုန် တစ်ချိန်လုံး ဖုန်း၊ ကွန်ပျူတာ၊ တီဗီတွေ နဲ့မျက်နှာမကွာ။ တစ်နေကုန် သရေစာစားလိုက် နေ့ဘက်ကျတော့ လူသေကောင်လိုအိပ်ပြီး ညဘက်ကျတော့ စောင်ကြွားကြွားနဲ့ သွေးစုပ်ဖုတ်ကောင်လိုဖြစ်။ အပြင်မထွက်ရတော့ ကြောင်တောင်တောင်တွေဖြစ်ကာ စိတ်ညစ်ပြီး စိတ်တွေဖောက်ကုန်တယ်။ ဘလိုင်းကြီး အိမ်ကလူတွေကို ရန်ရှာလို့ရှာ နောက်ပြီး တစ်ချိန်ထဲမှာ စိတ်တွေ ပြုံးပျော်နေပြီး ချက်ချင်းငိုချင်သလို ဖြစ်လာလိုက်နဲ့ လူလဲစိတ်တွေမမှန်တော့ဘူး။ ဒါတွေဟာလည်း ကိုယ်တစ်ယောက်တည်းကမ္ဘာပျက်နေတာ မဟုတ်မှန်းတော့ လောင်းရဲတယ်။ အကုန်လုံးဖြစ်ပျက်နေကြတာလေ။ ဟုတ်တယ်မလား?။
