အခန်း (၁)
" မနေ့က စနိုးကို ဆော်လွှတ်လိုက်တာ ဘယ်သူလဲ "
" ငါပဲ "
" ဒါဆို ထိုးတယ်ကွာ "
မျက်နှာချင်းဆိုင်မှာ ရပ်နေသည့် သုံးယောက်ထဲက ဝန်ခံလာသူကို လက်သီးတစ်လုံး ပိတ်ကျွေးပစ်လိုက်၏။ သတင်းရရချင်း လမ်းကြားထဲမှာ စက်ဘီးတစ်စီးနဲ့ လာစောင့်နေခြင်းက တရားခံကို သိရဖို့ ဖြစ်သည်။ မိမိရရ ထိသွားသည့် ထိုးချက်ကြောင့် ရုန်းရင်းဆန်ခတ် အနေအထား ဖြစ်သွားသည်။ သုံးယောက်နဲ့ တစ်ယောက်ဆိုပေမဲ့ ကြောက်စိတ်က တစ်စက်မှ ရှိမနေ။ ရင်ဘတ်က အင်္ကျီစကို ဆုပ်ကိုင်လာသည့် ကောင်ရဲ့ ဒူးကို ဖြတ်ကန်ပစ်လိုက်၏။ ရပ်ကွက်ထဲမှာ စနိုးနဲ့ အပြိုင် နာမည်ကျော်မို့ တစ်ဖက်က ကောင်တွေ ဇွတ်အတင်း မတိုးရဲ။
" ဘာလုပ်တာလဲ ဆန်းသစ် "
" သတိပေးနေတာ။ နောက်တစ်ခါ စနိုးကို ထိခိုက်အောင် လုပ်ရင် ဒီ့ထက် ပိုဆိုးမယ် "
" ဟား ဟား။ အတော် ရယ်စရာပဲကွာ။ တခြားသူ ကြားရင် သိပ်ချစ်တဲ့ကောင်တွေလို့ ထင်နေဦးမယ် "
" ငါ့ပြိုင်ဘက်ကို ငါပဲ ဖြုတ်မယ်။ မင်းတို့ ထိစရာ မလိုဘူး။ ငါ သတိပေးထားတဲ့ကြားက စနိုးကို ထပ်ပြီး ရန်စလို့ကတော့ မင်းတို့အကုန်လုံး ရိုက်ချိုးခံရဖို့သာ ပြင်ထား "
နှုတ်ခမ်းထောင့်မှာ သွေးစွန်းနေတဲ့ ကောင်ရဲ့ အင်္ကျီကော်လံစကို ဆွဲဆုပ်ရင်း သတိပေးဖြစ်၏။
ပြောရင် ပြောတဲ့အတိုင်း လုပ်ရဲတဲ့ သူ့လက်ဇကို သိထားသူတွေမို့ ငြိမ်ကုပ်နေရာက အထွန့် တက်မလာရဲ။ ကော်လံစကို လွှတ်ပေးရင်း ဘေးက အပေါင်းအပါ နှစ်ကောင်ကို ခပ်ရင့်ရင့် ကြည့်ပေးလိုက်၏။စက်ဘီးပေါ် တက်ခွပြီး လမ်းကြားထဲက ထွက်ခဲ့တော့ အာပေတူးအကြောင်း အာရုံထဲ တိုးဝင်လာသည်။ ချပြီဆိုလည်း လက်ဦးမှု ရအောင် ယူတာ မဟုတ်။ အရိုးအက်သွားတဲ့အထိ ခံလိုက်ရတဲ့ သတင်းက ကြားကြားချင်း ရင်ဝကို ဖြတ်ကန်ခံလိုက်ရသလို နင့်ခနဲ အင့်စေသည်။ ညစ်ပတ်တတ်တဲ့ ပြိုင်ဘက်ကြီးက ပွဲကြမ်းရဲဖို့တော့ လိုသေးသည်။