Lowie's Last Diary

113 18 17
                                    

Unicode

Lowie's Last Diary
---------------------
 
မိုးစက်​​လေး​တွေတဖွဲဖွဲကျ​နေတဲ့ အုံ့မှိုင်း​မှိုင်းည​နေခင်းတစ်​ခုမှာ
သခင်​နဲ့ကျွန်​​တော်​ စ​တွေ့ခဲ့တယ်​။
 
အဲ့ဒီ့​နေ့က ရာသီဥတု​ကြောင့်
ရပ်​ကွက်​ရဲ့​မြေနီလမ်း​လေး​ပေါ်မှာ လူသူကင်းမဲ့​နေ​ပေမယ့်
ကျွန်​​တော်​က​တော့ တ​စ်နေကုန်​ဘာမှမစားရ​သေးတဲ့ဗိုက်​ကို ဖြည့်ဖို့
မိုး​ရေထဲမှာ အစာရှာထွက်​​နေရတယ်​။
တစ်​ကိုယ်​လုံး မိုး​ရေ​တွေရွှဲရွှဲစိုပြီး
ချမ်းလွန်းလို့တုန်​ခိုက်​​နေ​ပေမယ့်
စားကြွင်းစားကျန်​အနည်းငယ်​​လောက်​များ ရလိမ့်မလားဆိုတဲ့​
မျှော်​လင့်ချက်​က​လေးနဲ့ တစ်​လမ်းဝင်​တစ်​လမ်းထွက်​လျှောက်​​နေရဆဲ....။
 
ညအ​မှောင်​ကိုကူးလုနီးနီးအချိန်​ထိ​တောင်​
အစာနည်းနည်း​လေးမှရှာမ​တွေ့သလို
​ခြေဖဝါးနုနု​တွေဟာလည်း မိုး​ရေထဲနင်းရလွန်းလို့
​အေးစက်​ထုံကျင်​​နေပြီ။
ကျိန်းစပ်​​နေတဲ့မျက်​လုံး​တွေ​ကြောင့်
​အမြင်​အာရုံ​တွေလည်း မသဲကွဲနိုင်​...။
အစာငတ်​ပြီး ​သေချင်​လည်းသေပါ​စေ​တော့ရယ်​လို့
စိတ်​ဒုန်းဒုန်းချလိုက်​တာနဲ့ ကျွန်​​တော့်ခန္တာကိုယ်​ကလည်း
​မြေကြီး​ပေါ်ကို ဘုန်းခနဲပစ်​လဲကျ​တော့တာပဲ။
 
သတိရတစ်​ချက်​ မရတစ်​ချက်​နဲ့​ အသိ​တွေ​ဝေဝါး​နေတဲ့အချိန်​...။
ကျွန်​​တော့်နားထဲမှာ ခပ်​​ဖြေး​ဖြေးလှမ်းလာတဲ့​ခြေသံတချိူ့ကို ကြားလိုက်​ရတယ်​။
အဲ့ဒီ့​နောက်​ သိပ်​မကြာခင်​မှာပဲ ကျွန်​​တော့်ခန္တာကိုယ်​က
တစ်​စုံတစ်​​ယောက်​ရဲ့မယူခြင်းကို ခံလိုက်​ရပြီး
မိုး​ရေစက်​​တွေရဲ့ရန်​က​နေ လွတ်​​မြောက်​သွား​လေရဲ့...။
 
​​​နွေး​ထွေးတဲ့အ​ငွေ့အသက်​​ကြောင့်
မျက်​လုံးဖွင့်ကြည့်လိုက်​​တော့ ​တွေ့လိုက်​ရတာက
ကျွန်​​တော့်ကိုယ်​ကို ရင်​ခွင်​ထဲမှာထည့်ပိုက်​ထားတဲ့အမျိူးသမီးတစ်​​ယောက်​...။
အဲ့ဒီ့အမျိူးသမီးက ကျွန်​​တော့်ရဲ့ကယ်​တင်​ရှင်​...
ပြီး​တော့ ကျွန်​​တော့်ရဲ့တစ်​ဦးတည်း​သောသခင်​....။
 
ကျွန်​​တော်​ဟာ အ​လေအလွင့်လမ်း​ဘေး​ကြောင်​တစ်​​ကောင်​...
အ​ရောင်​အဆင်းကလည်း ညိုတိုတို
ပိန်​လှီလှီနဲ့ ချစ်​ချင်​စဖွယ်​စိုးစဉ်းမျှ မရှိ။
လမ်း​ဘေး​နေ၊ လမ်း​ဘေးအိပ်​​တော့
ညစ်​ပတ်​စုတ်​ပြတ်​ချက်​ကလည်း လက်​ကုန်​ပဲ​ပေါ့။
အဲ့ဒီ့လိုပုံစံနဲ့ကျွန်​​တော့်ကို သခင်​က ​ကောက်​ယူခဲ့တာ
ချစ်​လွန်းလို့​တော့မဟုတ်​...၊
သခင်​သာမကယ်​ရင်​ အ​အေးပတ်​ပြီး​သေ​မှာစိုးလို့သာ...
ဆို​တော့ သခင်​က ကျွန်​​တော့်အ​ပေါ် သနားစိတ်​နဲ့စချစ်​ခဲ့တာ...။
 
___________________________
 
သခင်​က ခြံကျယ်​ကျယ်​နဲ့တိုက်​အိမ်​ပုပု​လေးမှာ
တစ်​​ယောက်​တည်း​နေတယ်​။
အပြုံးအရယ်​နည်းလွန်း၊ စကားနည်းလွန်း၊
တည်​ငြိမ်​​အေး​ဆေးလွန်းတဲ့သခင်​က
နာမည်​အသင့်အတင့်ရှိတဲ့စာ​ရေးဆရာတစ်​​ယောက်​၊
​နောက်​ပြီး ပန်းချီဆရာတစ်​​ယောက်​လည်းဖြစ်​တယ်​။
 
ကျွန်​​တော်​တို့​နေတဲ့ဒီနယ်​မြို့​လေးက
မိုးများပြီး အမြဲလိုလိုအုံ့မှိုင်း​နေ​တော့
​နေသာတဲ့​နေ့ဆိုတာ တကယ်​ရှားမှရှားပဲ...။
သခင့်ရဲ့အိမ်​ပု​လေးကလည်း
ခြံထဲက သစ်​ပင်​​တွေ​ကြောင့်​ရော
ညဘက်​ကလွဲရင်​ မီးမထွန်းတဲ့သခင့်​ကြောင့်​ရော
​နေ့ဘက်​​တွေ​တောင်​မှ ​အလင်း​ရောင်​အားနည်း​ပြီး
မှုန်​မှိုင်း​နေတတ်​တယ်​။
​ဒါ​ပေမယ့် ​သခင်​က အိမ်​​ဘေးဘက်​ခြမ်းကို​တော့
အတွင်းအပြင်​​ဖောက်​ထွင်းမြင်​ရတဲ့မှန်​​တံခါး​တွေနဲ့
​ဆောက်​ထား​လို့​တော်​ပါ​သေးရဲ့...။
 
ကျွန်​​တော့်လို ငပျင်း​တောင်​
​နေထွက်​တဲ့​နေ့​တွေကို တခါတရံသ​ဘောကျ​ပေမယ့်
သခင်​က​တော့ ဒီအုံ့မှိုင်းမှိုင်း​ရာသီဥတုကိုမှ သိပ်​ကိုနှစ်​ခြိုက်​တတ်​ပုံပဲ။
သခင်​က မိုးရွာတဲ့​နေ့တိုင်း အိမ်​မျက်​နှာစာက မှန်​​တွေနားမှာ
ပက်​လက်​ကုလားထိုင်​​လေးတစ်​လုံးချပြီး
ကော်​ဖီတစ်​ခွက်​နဲ့ငြိမ်​ငြိမ်​​လေးထိုင်​ရင်​ထိုင်၊
မထိုင်​ရင်​ စာ​ရေး​နေ​လေ့ရှိတယ်​...။
သခင်​ စိတ်​ကူး​ပေါက်​တဲ့အခါ​တော့
မြင်​မြင်​သမျှသဘာဝရှူခင်း​တွေကို
အကျအနရေးဆွဲ​နေပြန်​တယ်​။
_________________________
 
ကျွန်​​တော့်ရဲ့ချစ်​လှစွာ​သောသခင်​က မ​ဖော်​​ရွေတတ်​ဘူး၊
အိမ်​နီးနားချင်း​တွေနဲ့လည်း အဆက်​အဆံမလုပ်​သလို
ဆွေမျိူးသားချင်း​တွေလည်းမရှိ၊
သခင့်ဆီ ဖုန်းဆက်​မယ့်သူ၊ လာလည်​မယ့်သူလည်း
တစ်​​ယောက်​တစ်​​လေ​တောင်​ မရှိခဲ့ဘူး။
အံ့သြစရာ​ကောင်းတယ်​မလား...
ဟုတ်​တယ်​၊ သခင့်ရဲ့ဘဝက
ကျွန်​​တော်​ သိထားတာထက်​ပိုပြီးအထီးကျန်​ဆန်​တယ်​။
 
သခင်​နဲ့မဆုံခင်​က ကျွန်​​တော်​ဘဝကလည်း
ငတ်​တစ်​လှည့်ပြတ်​တစ်​လှည့်နဲ့ အ​တော်​​လေးကြမ်းတမ်းခဲ့တာပါပဲ...၊
ဒါ​ပေမယ့် အခုအချိန်​မှာ​တော့ သခင့်ရဲ့အကြင်​နာ​တွေ​ကြောင့်
ကျွန်​​တော်​က အ​ပျော်​ရွှင်​ဆုံး​​ကြောင်​တစ်​​ကောင်​ဖြစ်​နေပြီ။
သခင်​အတွက်​​တော့ တစ်​ဦးတည်း​သောအ​ဖော်​မွန်​​ကောင်း​လေး​ပေါ့။
 
သခင်​က တစ်​ခါတ​လေ အရမ်းတိတ်​ဆိတ်​တယ်​၊
တစ်ခါတ​လေ အရမ်းစကား​ပြောတယ်​၊ အားပါးတရရယ်​တယ်​၊
တစ်ခါတ​လေကျ​တော့လည်း တိတ်​တိတ်​​လေးခိုးငို​​နေပြန်တယ်​။
 
သခင်​က ကျွန်​​တော့်ကို အမြဲတမ်း​ပြော​နေကျစကားတစ်​ခွန်းရှိတယ်​။
အထူးသဖြင့် မျက်​လုံး​တွေ​ဖောင်း​နေ​အောင်​ငိုပြီးတဲ့အချိန်​​တွေမှာ​ပေါ့...
 
"မင်းရှိ​နေလို့သာ ငါအခုချိန်​ထိအသက်​​ရှင်​​နိုင်​တာတဲ့"။
 
သခင်​ ဒီစကားကို ပထမဆုံးအကြိမ်​​ပြောခဲ့တုန်းက
ကျွန်​​တော်​ နားမလည်​ခဲ့ဘူး၊
ဒါ​ပေမယ့် သခင့်အနားမှာ
နှစ်​​ပေါင်းများစွာ​နေလာပြီးတဲ့​နောက်​မှာ​တော့
ကျွန်​​တော်​ဒီစကားကို နည်းနည်း​တော့သ​ဘော​ပေါက်​စပြုလာပြီ...
နာကျင်​စရာ​ကောင်းတဲ့ စကားတစ်​ခွန်းရဲ့​နောက်​ကွယ်​က
အမာရွတ်​​ဟောင်း​တွေကို​ရော​ပေါ့။
 
ကျွန်​​တော်​က သခင့်ရဲ့အရိပ်​ကို မှီခို​နေရတဲ့​ကြောင်​တစ်​​ကောင်​၊
သခင့်အတွက်​ နှစ်​သိမ့်စကား​တွေကို
နှုတ်​က​နေထုတ်​​ပြောနိုင်​စွမ်းလည်းမရှိ၊
သခင့်မျက်​ရည်​​တွေကိုမုန်း​ပေမယ့်
တားဆီးနိုင်​စွမ်းလည်းမရှိတဲ့ကျွန်​​တော်​...။
အဲ့ဒီလိုကျွန်​​တော်​ဟာ သခင့်​ဘေးက
ထားရာ​နေ၊​စေရာသွားရတဲ့ အညတရ​ကြောင်​တစ်​​ကောင်​....။
 
သခင်​က ကျွန်​​တော့်ကို သိပ်​မချစ်​ပြခဲ့ဘူး၊
ကျွန်​​တော့်ကို ခဏခဏမ​ပွေ့ဖက်​ဘူး၊
တဖွဖွနမ်းရှုံ့​လေ့မရှိဘူး...
ကျွန်​​တော်​နဲ့အတူတူမကစား​ပေးဘူး။
 
ဒါ​ပေမယ့်...
သခင်​က ကျွန်​​တော်​ဗိုက်​ဆာ​နေမှာကို သိပ်​စိုးရိမ်​တယ်​။
သခင်​က ကျွန်​​တော်​နေမ​ကောင်းဖြစ်​မှာကို သိပ်​ပူပန်​တယ်​။
သခင်​က ကျွန်​​တော်​ထိခိုက်​ဒဏ်​ရာရမှာကိုလည်း
သိပ်​​ကြောက်​တက်​တယ်​။
သူ့မျက်​စိ​အောက်​က​နေ ကျွန်​​တော်​​ပျောက်​သွားမှာလည်း
သိပ်​စိုးထိတ်​တက်​တဲ့သူပဲ...။
 
သခင်​က ကျွန်​​တော့်ကို
သိပ်​သည်းသည်းလှုပ်​​​အောင် ​မချစ်​ပြတက်​ဘူး၊
ဒါ​ပေမယ့် သူ့နှလုံးသားထဲမှာ​တော့
ကျွန်​​တော့်အတွက်​ နေရာအပြည့်​ပေးထားပြီးသားပါပဲ။
 
____________________________
 
သခင်​နဲ့ကျွန်​​တော်​က ထမင်းစားလည်းအတူတူ
အိပ်​ရာဝင်​လည်း အတူတူပဲ...
သခင်​က ကျွန်​​တော့်နည်းတူအအိပ်​ဆတ်​တယ်​။
သတိလည်းကြီးတယ်​။
သခင်​နဲ့အတူတူအိပ်​​နေရာက​နေ
ကျွန်​​တော်​ အ​ပေါ့အပါးထသွားမိရင်​​တောင်​
သခင်​က ချက်​ချင်းနိုးလာ​တော့တာပဲ။
 
သခင့်ရင်​ခွင်​မှာ အိပ်​စက်​ရတဲ့ညတိုင်းလိုလို...
သခင်​က သူ့ရဲ့ငယ်​ဘဝအ​ကြောင်းအရာတစ်​ခုခု၊
မဟုတ်​ရင်​ ပုံပြင်​တစ်​ပုဒ်​...၊
သူ​ရေးလက်​စဝတ္တု​တွေ​အ​ကြောင်း...၊ဒါမှမဟုတ်​
သူ သွားခဲ့ဖူးတဲ့ခရီး​တွေအ​ကြောင်း
ကျွန်​​တော့်ကို​ပြောပြ​လေ့ရှိတယ်​။
 
စာ​ရေးတာနဲ့ပန်းချီဆွဲတာကလွဲရင်​
သခင့်မှာ တခြားလူ​တွေလို အလုပ်​အကိုင်​ကြီးကြီးမားမားမရှိ...။
ဒါ​ပေမယ့် သခင့်ရဲ့ဘဝဖြတ်​သန်းပုံက
အံ့သြစရာ​ကောင်း​လောက်​​အောင် ​ရိုးရှင်းပြီး
အပူအပင်​ကင်းတယ်...။
 
မိုးသည်းတဲ့​အေးစိမ့်စိမ့်​ နေ့လည်​​ခင်း​တွေမှာဆို
သခင်​က မှန်​တံခါး​တွေနားမှာ ​ကော်​ဖီခါးခါးတစ်​ခွက်​နဲ့...
ကျွန်​​တော်​က​တော့ နို့ပူပူ၊ ဒါမှမဟုတ်​
ငရုတ်​​ကောင်းမခတ်​ထားတဲ့ကြက်​စွပ်​ပြုတ်​​လေးတစ်​ခွက်​နဲ့​ပေါ့။
 
ကျွန်​​တော်​ သိရသ​လောက်​
သခင်​က မိုး​ရေစက်​​တွေကိုကြည့်​နေရတာ
သိပ်​ကိုသ​ဘောကျတဲ့သူ....၊
မိုးဖွဲသံတ​ဖြောက်​​ဖြောက်​ကို နားစွင့်ရင်း
နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​တတ်​တဲ့သူ...၊
မိုး​ရေဖြန်းလို့စိမ်းစို​နေတဲ့ ခြံထဲကသစ်​ပင်​​လေး​တွေကို
သူ့ကားချပ်​​တွေ​ပေါ်​ဆေးခြယ်​ရင်း နေ​ပျော်​တတ်​တဲ့သူပါပဲ...။
 
သခင့်ရဲ့ တစ်​ဘဝစာ​ပျော်​ရွှင်​ခြင်း​တွေက
ဒီ​လောက်​​လေးပဲ...
ဒါ​ပေမယ့် သခင်​ကသိပ်​ကို​ရောင့်ရဲနိုင်​ပါတယ်​။
 
___________________________________________
 
သခင်​နဲ့ကျွန်​​တော်​ အတူတူ​နေတာ ၂နှစ်​ပြည့်ပြီးသွား​တော့
နယ်​မြို့​လေးရဲ့အ​ဝေးက ရာသီဥတု​အေးတဲ့​နေရာ​တွေနဲ့
အရမ်းလှတဲ့​​တောင်​တန်း​​ဒေသတွေကို
အလည်​အပတ်​ခရီးထွက်​ခဲ့ကြတယ်​။
အများယာဉ်​​တွေနဲ့ဆို ကျွန်​​တော်​အဆင်​မ​ပြေမှာစိုး​တော့
သခင်​က သူ့ရဲ့အနည်းငယ်​သာရှိတဲ့​ငွေပို​ငွေလျှံ​လေးနဲ့
​တပတ်​ရစ်​ကား​လေးတစ်​စီးဝယ်​လိုက်​တယ်​။
ပြီး​တော့ အဲ့ဒီ့ကား​လေး​ပေါ်မှာ လိုအပ်​တဲ့ရိက္ခာ​တွေနဲ့
သခင့်ရဲ့ပန်းချီပစ္စည်း​လေး​တွေ အစုံအလင်​တင်​လို့
တစ်​လနီးပါး​လောက်​ ​နေရာအ​တော်​များများကိုလည်​ပတ်​ခဲ့ကြတယ်​။
 
အဲ့ဒီ့ခရီးက​နေ ပြန်​လာ​တော့
ကျွန်​​တော်​နဲ့သခင့်ရဲ့အမှတ်​တရဓာတ်​ပုံ​တွေ
အိမ်​နံရံ​လေးမှာ ပြည့်​သွားသလို
လမ်းခရီးတ​လျှောက်​ သခင်​​ရေးဆွဲခဲ့တဲ့
ကားချပ်​​လေး​တွေကလည်း ဧည့်ခန်းမှာ
အစီအရီ​နေရာယူလို့​ပေါ့...။
 
သခင်​က​လေ....တကယ့်လူထူးဆန်း။
မျက်​နှာထားတင်းတင်းနဲ့​ဒေါသကြီးတယ်​လို့ထင်​ရ​ပေမယ့်
ကျွန်​​တော့်​ရှေ့မှာ​တော့ တစ်​ခါမှ​ဒေါသမထွက်​ဖူးဘူး။
တစ်​ခါကဆို သခင်​က ကျွန်​​တော့်ကိုအပြင်​​ခေါ်သွားတာ၊
အ​ဝေးကြီး​တော့မဟုတ်​ဘူး ၊
လမ်းထိပ်​မုန့်ဆိုင်​ထိပါပဲ....။
အသွားတုန်းက​တော့ အ​ကောင်း၊
အိမ်​အပြန်​ကျမှ သခင်​အစာ​ကျွေး​နေကျလမ်း​ဘေး​ခွေးတစ်​အုပ်​က
သခင့်လက်​ထဲက ကျွန်​​တော့်ကို မြင်​ပြီးဝိုင်း​ဟောင်​ကြ​ရော...။
 
သခင်​က ကျွန်​​တော့်ကို သူ့အင်္ကျီ​အောက်​ထဲထည့်ဖွက်​ပြီး
​ခွေး​တွေကို​မောင်းထုတ်​​ပေမယ့်
​ခွေးအုပ်​က ၅​ကောင်​​လောက်​ရှိ​တော့မောင်းလို့မနိုင်​ခဲ့ဘူး။
​ခွေး​တွေက သခင့်ကိုမကိုက်​​ပေမယ့်
သခင်​ပိုက်​ထားတဲ့ ကျွန်​​တော့်ရှိတဲ့​နေရာကို
ခုန်​ခုန်​ပြီး ဟပ်​ဖို့ကြိုးစားကြ​တော့
သခင့်​ခြေသလုံးမှာ ​ခွေးသွားနဲ့
ခြစ်​မိတဲ့ဒဏ်​ရာခပ်​နက်​နက်​တစ်​ခု ရသွားခဲ့တယ်​။
 
အနီးအနားက အိမ်​​တွေထွက်​​မောင်း​ပေးလို့သာ
သခင်​ အဲ့ဒီ့ထက်​ပိုဆိုးတဲ့ဏ်​ရာ​တွေမရခဲ့တာ....။
ကျွန်​​တော်​ကလည်း သခင့်အင်္ကျီထဲမှာပုန်း​နေရင်း ​
​ကြောက်​​ကြောက်​လန့်လန့်နဲ့
သခင့်ဝမ်းဗိုက်​ကို ကျွန်​​တော့်လက်​သည်း​တွေနဲ့
အားကုန်​ဖိကုတ်​ထားခဲ့​သေးတယ်​။
 
အဲ့တုန်းက သခင်​က သူ့​ခြေ​ထောက်​ကဒဏ်​ရာကို​တောင်​မမှုဘဲ
ကျွန်​​တော့်ကို ကျစ်​ကျစ်​ပါ​အောင်​ဖက်​ရင်း
အိမ်​ကို တရှိန်​ထိုးပြန်​​ပြေးခဲ့တာ။
ဒဏ်​ရာရတဲ့သခင်​က မဖျားရဘဲ ကျွန်​​တော်​က အဲ့ည​နေကစပြီး ၃ရက်​​လောက်​လလန့်ဖျားဖျားသွား​သေးတယ်​။
 
သခင်​က ​ခြေ​ထောက်​အနာကြီးရင်းပြီးကိုက်​ခဲ​နေလျက်​နဲ့
ကျွန်​​တော်​နေမ​ကောင်းမချင်း
ညဘက်​​တွေ​ကောင်း​ကောင်း​တောင်​မအိပ်​နိုင်​ဘဲ
တစ်​ချိန်​လုံးပြုစု​ပေးခဲ့တာ...။
ပြန်​​တွေးကြည့်မှ သခင့်အ​ပေါ်​တော်​​တော်​ဆိုးခဲ့တဲ့
ကျွန်​​တော်​ပါပဲဗျာ။
 
 
နှစ်​​တွေအ​တော်​​လေးကြာ​ညောင်းလာ​တော့
သခင်​ကလည်း အသက်​လတ်​ပိုင်းအရွယ်​ကို
ထိပ်​စီး​ပြောင်းသွားပြီ။
ကျွန်​​တော်​ကလည်း မြီး​ကောင်​​ပေါက်​အရွယ်​​လေးက​နေ
ဖွံ့ဖွံ့ထွားထွား ​ကြောင်​ပျိူကြီးဖြစ်​လာပြီ​ပေါ့။
အရွယ်​​ရောက်​ပြီးတာ​တောင်​ အိမ်​လည်​မထွက်​၊
ရည်းစားသနာမရှာတတ်​တဲ့ကျွန်​​တော့်ကို
သခင်​က ရယ်​ကျဲကျဲနဲ့​ပြောတတ်​​သေးတယ်​။
 
"လိုဝီ မင်းမိန်းမမယူဘဲ ဒီအ​မေနဲ့ပဲ
တစ်​သက်​လုံး​နေ​တော့မလို့လား..."တဲ့။
 
သခင်​က ကျွန်​​တော့်​ကို ရည်းစားသနာရှာ​စေချင်​တဲ့ပုံစံနဲ့ပြောတတ်​​ပေမယ့် တကယ်​တမ်းကျ အဲ့ဒီ့လိုမဟုတ်​ဘူးဆိုတာ ကျွန်​​တော်​သိသားပဲ။
အဲ့ဒါ့​ကြောင့် သခင်​အဲ့လို​ပြောလာတဲ့အချိန်​တိုင်း
မနှစ်​မြို့ဟန်​နဲ့ သခင့်အနားကပ်​ချွဲပြလိုက်​ရင်​
သ​ဘောအကျကြီးကျပြီး တဟားဟား ​
​အော်​ရယ်​တတ်​တာလည်း သခင်​ပါပဲ။
 
တကယ်​တမ်း ကျွန်​​တော်​ ့အတွက်​ ရည်းစားသနာမလိုအပ်​၊
သို့​ပေမယ့် မျိူးဆက်​​တော့လိုအပ်​တယ်​​လေ။
ပုံမှန်​အတိုင်းဆို ​ကြောင်​​တွေက
မျိူးဆက်​နဲ့ပတ်​သတ်​ပြီး ပူပန်​စရာမလို။
စိုးရိမ်​​ကြောင့်ကြရမယ့်သူလည်း ရှိစရာမလိုဘူး။
ကျွန်​​တော်​က​တော့ မတူဘူး၊
ကျွန်​​တော့်မှာ သခင်​ဆိုတဲ့ဒီအမျိူးသမီးရှိ​နေတဲ့အတွက်​​ကြောင့် ​
သေချာ​ပေါက်​ ပူပန်​ရတယ်​၊ စိုးရိမ်​ရတယ်​။
 
ဒီလိုနဲ့ ကျွန်​​တော်​ အသက်​၁၀နှစ်​​လောက်​မှာ
​ဘေးတစ်​အိမ်​​ကျော်​က တွင်​ကယ်​​လေးနဲ့မေတ္တာမျှပြီး
သား၊သမီး​တွေလည်း ရခဲ့တယ်​။
ရှင်​မဖြစ်​သူနဲ့က​လေး​တွေကိုလည်း
မျက်​​ခြေမပြတ်​ ​စောင့်​ရှောက်​ချင်​၊
ကျွန်​​တော့် မိသားစုနဲ့လည်း သခင့်ကိုရင်းနှီး​စေချင်​တာ​ကြောင့်
ရှင်​မတို့သားအမိ​တွေကို
ကျွန်​​တော့်ဆီ လိုက်​​နေဖို့​ဖျောင်းဖြကြည့်တယ်​။
ဒါ​ပေမယ့် ရှင်​မကလည်း သူ့တွယ်​တာရာသခင်​ရှိ​နေ​တော့
က​လေး​လေး​ကောင်​ထဲက နှစ်​​ကောင်​ကိုပဲ သခင့်အိမ်​မှာထားရင်း
ကျွန်​​တော့်ကို​စောင့်​ရှောက်​​စေခဲ့တယ်​။
 
အဲ့ဒီ့​နေ့က သား​ပေါက်​စ​လေးနှစ်​​ကောင်​အိပ်​​နေကြတဲ့
ခြင်း​တောင်း​လေးကို ပါးစပ်​ကကိုက်​ချီရင်း
အိမ်​တံခါးဝကို​ရောက်​လာတဲ့ကျွန်​​တော့်ကို
သခင်​က အထူးအဆန်းကြည့်လို့​ပေါ့....။
ဒါ​ပေမယ့် ဘာ​မေးခွန်းမှအထူးတလည်​မ​မေးခဲ့တာလည်း
ကျွန်​​တော့်ရဲ့အ​သွေးအ​မွှေးနဲ့တထပ်တည်း​ဆင်​တူ​နေတဲ့
က​လေး​တွေကိုမြင်​ပြီး သ​ဘော​ပေါက်​သွားလို့ထင်​ရဲ့။
 
ဒီလိုနဲ့အရင်​က တိတ်​ဆိတ်​​နေတဲ့အိမ်​အို​လေးမှာ
ကျွန်​​တော့်သား​ပေါက်​​လေး​တွေရဲ့​အော်​သံတစီစီက
တစိတ်​တပိုင်းနေရာယူလာသလို
သခင့်ပခုံး​နဲ့ဗိုက်​​ပေါ်​တွေမှာလည်း
ညိုတိုတိုသား​ပေါက်​​လေး​တွေက အမြဲလိုလိုတွယ်​ကပ်​​နေ​တော့တယ်​။
 
သခင်​နဲ့​နေသားကျ​နေတာ ကျွန်​​တော့်သား​တွေမို့
ထူးထူးခြားခြားဝန်​မတို​ပေမယ့်
တစ်ခါတ​လေ က​လေးဆန်​တဲ့စိတ်​​တော့ဝင်​မိသား....။
တစ်​ဖက်​ကတွေးကြည့်​တော့လည်း
​ရှေ့​လျှောက်​ ကျွန်​​တော့်မရှိ​တော့မယ့်အချိန်​​တွေမှာ
သခင်​တစ်​​ယောက်​တည်းဖြစ်​မ​နေ​တော့လို့
အနည်းငယ်​​တော့ စိတ်​ချမ်းသာရပါ​သေးတယ်​။
သခင့်ကို ​ပျော်​​အောင်​ဖန်​တီး​ပေးနိုင်​တဲ့သူက
ကျွန်​​တော်​ကိုယ်​တိုင်​မဖြစ်​နိုင်​ရင်​​တောင်​...
ကျွန်​တော့်​ရဲ့စွန့်ခွာခြင်း​ကြောင့်
သခင့်​နေ့ရက်​​တွေလစ်​ဟာမသွား​အောင်​
စွမ်း​ဆောင်​​ပေးနိုင်​မှ
အ​သေ​ဖြောင့်လိမ့်မယ်​ထင်​ပါရဲ့​လေ...။
 
ဇရာဟာ ​သွေဖယ်​လို့မရ...၊
​သေခြင်းတရားကိုလည်း ​ရှောင်​ပုန်းလို့မရ.....။
သခင်​​ရော၊ ကျွန်​​တော်​​ရော ၊
ကျွန်​​တော့်တို့ရဲ့အိမ်​က​လေး​ရော
အရင်​ကထက်​ပိုပြီး အိုမင်းလာကြပြီ။
 
သခင်​က အသက်​ ၅၀နားကပ်လာသလို
ကျွန်​​တော်​ကလည်း အများဆုံးရှင်​သန်​နိုင်​တဲ့
သက်​တမ်းက ကုန်​ဆုံးလုနီးနီး​တောင်​ဖြစ်​​နေပြီ။
သာမန်​​ကြောင်​​တွေသာဆို
ကျွန်​​တော့်အသက်​တစ်ဝက်​​လောက်​မှာတင်​ သေဆုံးနိုင်​​ပေမယ့်
သခင်​က ကျွန်​​တော့်ကို အရမ်းဂရုစိုက်​လွန်း​တော့
ကျွန်​​တော်​က သက်​တမ်း​စေ့ဆိုတာထက်​ကို
ပို​အောင်​အသက်​ရှင်​နိုင်​ခဲ့တယ်​။
 
စူးရှတဲ့မျက်​လုံး​တွေက အ​တော်​အတန်​​ဝေဝါးလာပြီ၊
ကျွန်​​တော်​ကြိုက်​တဲ့သ​ရေစာ​တွေကို
တဂျွမ်းဂျွမ်းမြည်​​အောင်​ဝါးနိုင်​တဲ့
ချွန်​မြမြသွားစွယ်​​တွေလည်း ကျိုးပဲ့ကုန်​ကြပြီ။
ပျံလွှားငှက်​​တွေလိုလည်း ခုန်​ပျံ​ကျော်​လွှားရင်း
​ဆော့ကစားဖို့မတတ်​နိုင်​​တော့...။
 
ဆီး၊ဝမ်းသွားဖို့​တောင်​ အနိုင်​နိုင်​လှုပ်​ရှား​နေရတဲ့
ကျွန်​​တော့်လိုကြောင်​အိုကြီးကို ပြုစုရင်းနဲ့လည်း
သခင့်ကိုမပင်​ပန်း​စေချင်​​တာမို့
ခပ်​မြန်​မြန်​သေဆုံးသွားဖို့ပဲ ဆု​တောင်း​ခဲ့မိတယ်​။
တကယ်​တမ်း ကျွန်​​တော့်ဆန္ဒ​တွေပြည့်ဝ​တော့မယ့်
အချိန်​ကျ​တော့လည်း ကျွန်​​တော်​
မရမကအသက်​ရှင်​ချင်​ပြန်​​ရော...။
 
လွန်​ခဲ့တဲ့၂၂နှစ်​ကလို ​နွေး​ထွေး​နေတဲ့
သခင့်ရင်​ခွင်​ထဲမှာ ​ခေါင်းမှီရင်း၊
မျက်​ရည်​ကြည်​​တွေစိုလဲ့​နေတဲ့သခင့်မျက်​ဝန်း​တွေကို စူးစူးနစ်​နစ်​စိုက်​ကြည့်ရင်း....ကျွန်​​တော်​ဟာ ​သေဖို့​ကြောက်​ရွံ့ခဲ့ပြန်​တယ်​။
 
တဒင်္ဂ​လေးပဲဖြစ်​ဖြစ်​ အချိန်​​တွေကို ရပ်​တန့်လိုက်​ချင်​တယ်​။
သခင့်ပါးပြင်​ကို နှာဖျား​လေးနဲ့ခပ်​ဖွဖွပွတ်​သပ်​​ရင်း
​တွေး​နေမိတာက....
အဲ့ဒီ့​နေ့၊
သခင်​နဲ့ကျွန်​​တော်​စ​တွေ့ခဲ့တဲ့​ အဲ့ဒီ့​နေ့​လေးကို
ပြန်​​ရောက်​ချင်​တယ်​ဆိုတဲ့အ​တွေး​လေးပါပဲ...။
 
ကုန်​ဆုံးသွားခဲ့တဲ့အချိန်​​တွေမှာ
​ပြောခွင့်မရခဲ့တဲ့ရာ​ထောင်​ချီစကားလုံး​တွေ၊
မပြည့်ဝခဲ့တဲ့ဆု​တောင်း​တွေ၊
မဖြည့်ဆည်းနိုင်​ခဲ့တဲ့ကွက်​လပ်​​တွေကို​တွေးရင်း...
ကျွန်​​တော်​ သည်းသည်းထန်​ထန်​ငို​ကြွေးမိပြန်​တယ်​။
 
အပြင်​မှာ မိုး​စက်​​က​လေး​တွေ တဖွဲဖွဲကျ​နေပြီ သခင်​....၊
ဒီည​နေခင်းရဲ့ရာသီဥတု​လေးကလည်း
အဲ့ဒီ့​နေ့တုန်းကလိုပဲ သိပ်​ကိုအုံ့မှိုင်း​နေတယ်​။
သခင့်ရဲ့ရင်​ခွင်​ကျယ်​ကလည်း အဲ့ဒီ့​နေ့တုန်းကလိုပဲ
သိပ်​ကို​နွေး​ထွေးလို့​နေတယ်​....။
 
အဲ့ဒီ့​နေ့က သခင်​ကကျွန်​​တော့်ကို​ကောက်​ယူခဲ့​ပေမယ့်
ဒီ​နေ့မှာ​တော့ ကျွန်​​တော်​ကသခင့်ကိုထားခဲ့ရပြီ....။
 
ကျွန်​​တော်​တို့တစ်​သက်​စာ​​ဝေးကြရပြီ သခင်​။
 
​နောက်​ဆုံးအ​နေနဲ့သခင့်ပါးပြင်​ကို ပွတ်​သပ်​နမ်းရှိုက်​ရင်း
သခင့်မျက်​နှာထက်​မှာလည်း ကျွန်​​တော့်ပါးကို အပ်​လျက်​သား...။
လတ်​တ​လောကမှ ​ကြောက်​ရွံ့တုန်​လှုပ်​​နေခဲ့တဲ့
စိတ်​အစဉ်​ဟာလည်း တည်​တည်​ငြိမ်​ငြိမ်​...၊
​တောင်​စဉ်​​ရေမရအ​တွေး​တွေ ​ပျောက်​ကွယ်​ပြီး
အသိ​တွေ​ဟာလည်း​ ဝိုးတိုးဝါးတား...။
အဲ့ဒီ့​နောက်​ မြင်​​နေကြား​နေရတဲ့အရာအားလုံးဟာလည်း
လုံးဝဥဿုံတိတ်​ဆိတ်​ငြိမ်​သက်​သွား​တော့တယ်​။
 
ကျွန်​​တော့်ရဲ့အရာရာဟာ ​ပျောက်​ဆုံးလုဆဲဆဲ...။
အက်​ကွဲ​နေတဲ့သခင့်ရဲ့​အော်​သံကိုကြား​တော့မှ
ဖြတ်​ခနဲအသိပြန်​ဝင်​လာပြီး
မျက်​လုံး​တွေကို ဖွင့်ကြည့်လိုက်​​တော့
ကျွန်​​တော်​က သခင့်ရဲ့​ဘေးမှာ....။
သခင်​နဲ့သခင်​​ပွေ့ပိုက်​ထားတဲ့ကျွန်​​တော့်ရဲ့ခန္တာကိုယ်​ကို
​​ဘေးဘက်​က​နေ ရှင်းလင်းစွာ​တွေ့မြင်​​နေရတယ်​။
 
အသက်​မဲ့​နေတဲ့ကျွန်​​တော့်ကို ဖက်​ရင်း
နင့်နင့်သီးသီးရှိုက်​ငို​နေတဲ့သခင့်ကို
ပွတ်​သပ်​​ပေးဖို့အ​ပြေးသွားမိ​ပေမယ့်
သခင့်ကို ဘယ်​လိုမှထိ​တွေ့လို့မရခဲ့ဘူး။
 
ကျွန်​​တော်​ သခင့်အနားမှာရှိ​နေတယ်​ဆိုတာ
သခင်​သိ​အောင်​ တစ်​အိမ်​လုံးပတ်​​ပြေးရင်း
ဝုန်းဒိုင်းကြဲ​ပြ​နေတဲ့ ကျွန်​​တော့်ကို သခင်​ကလည်းမမြင်​နိုင်​။
သခင့်အနား ​ရောက်​ချင်​​ဇောနဲ့
ပါးစပ်​က တ​ညှောင်​​ညှောင်​​အော်​ရင်း
သခင့်ရင်​ဘတ်​ထဲကို ခုန်​ဝင်​ခဲ့တဲ့အကြိမ်​တိုင်းမှာလည်း
ကျွန်​​တော့်ခန္တာကိုယ်​က သခင်​နဲ့အ​ဝေးကိုသာ
လွင့်စင်​ထွက်​သွားရတယ်​။
 
မှုန်​ဝါးဝါးတည်​ရှိ​နေတဲ့ ကျွန်​​တော့်ရဲ့နာမ်​က​လေး
ဖတ်​ဖတ်​ခါ​မော​လောက်​​အောင်​
အကြိမ်​ကြိမ်​အခါခါ ကြိုးစားပြီးတဲ့​နောက်​မှာ​တော့
ကျွန်​​တော်​ အလုံးစုံကိုသိနားလည်​လိုက်​ပြီ....။
 
ကျွန်​​တော်​ မပုန်းကွယ်​​နေ​ပေမယ့်
သခင်​က ကျွန်​​တော့်ကို ဘယ်​​​သောအခါမှ ရှာမ​တွေ့နိုင်​​တော့...။
သခင့်ရဲ့အ​ဝေးကို ထွက်​မ​ပြေး​ချင်​​ပေမယ့်
ကံကြမ္မာက ကျွန်​​တော့်ကို
ဘယ်​​သောအခါမှ သခင့်ဆီပြန်​ခွင့်မပြု​တော့ပါ...။
 
အလျင်​စလို ​ရောက်​လာတဲ့​သေခြင်းတရားက
သခင်​နဲ့ကျွန်​​တော့်ကို ယစည်းအထပ်​ထပ်​ခြားပစ်​ခဲ့​လေပြီ...။
 
​နောက်​ဆုံး​တော့ ကျွန်​​တော့်ရဲ့အချစ်​ကလည်း
သခင့်ကို အထီးမကျန်​​စေဖို့မတတ်​နိုင်​​တော့...
ကျွန်​​တော့်ရဲ့အသက်​မဲ့ကိုယ်​ခန္တာဟာလည်း
သခင့်ရဲ့ငို​ကြွေးခြင်းကို မတားဆီးနိုင်​​တော့ပါ...။
_________________________________________
 
သခင်​ဟာ အတန်​ကြာ​အောင်​ ကျွန်​​တော့်ကိုယ်​ကို
ရင်​ဘတ်​ထဲထည့်ပိုက်​ထားရင်း
မျက်​ရည်​​တွေလည်း တရစပ်​စီးကျလို့​နေတယ်​...။
သခင်​က တစ်​ည​နေခင်းလုံး စိတ်​လွတ်​​နေတဲ့သူလို
အရုပ်​ကြိုးပြတ်​ထိုင်​​နေလိုက်​တာ
​နောက်​တစ်​​နေ့မနက်​​ရောက်​သွားတဲ့အထိပါပဲ။
ကျွန်​​တော့်​ကြောင့် စိတ်​ထိခိုက်​ခံစား​နေရတဲ့
သခင့်ကိုကြည့်ရင်း ကျွန်​​တော်​ကိုယ်​တိုင်​လည်း
မျက်​ရည်​​တွေ ​ဖြေမဆည်​နိုင်​....။
 
ဒီအမျိူးသမီးကို ဘယ်​လိုများထားခဲ့ရက်​ပါ့မလဲ
ကျွန်​​တော်​မရှိတဲ့ရက်​​တွေမှာ ဒီအမျိူးသမီးဘယ်​လိုရှင်​သန်​​နေမလဲဆိုတာ
ကျွန်​​တော် ​စိတ်​မပူဘဲဘယ်​လို​နေနိုင်​ပါ့မလဲ...။
ဒီအမျိူးသမီးကို နာကျင်​ခံစား​စေပြီးမှ
ဘယ်​လိုအ​သေ​ဖြောင့်နိုင်​ပါ့မလဲ....။
 
___________________________________________
 
အချိန်​ကြာသွားပြီဖြစ်​လို့​အေးစက်​​တောင့်တင်း​နေတဲ့
ကျွန်​​တော့်ခန္တာကိုယ်​ကို သခင်​က တယုတယကိုင်​တွယ်​ပြီးသန့်စင်​​ပေးတယ်​။
ပြီး​တော့ အိမ်​အပြင်​ဘက်​က
ကျွန်​​တော်​တို့အတူတူထိုင်​​နေကျစိန်​ပန်းပင်​​အောက်​မှာ
ခပ်​နက်​နက်​​မြေကျင်း​လေး တူးလိုက်​​လေရဲ့...။
 
အားလုံးပြီးစီးသွား​တော့
ကျွန်​​တော့်တစ်​ကိုယ်​စာအိပ်​ရာ​လေးကို မြေကျင်းထဲထည့်လိုက်​ပြီး
စိန်​ပန်းနီနီ​လေး​တွေကို အိပ်​ရာ​​ပေါ်ကြဲချလိုက်​တယ်​။
​နောက်​ဆုံးအ​နေနဲ့ ကျွန်​​တော့်ကိုယ်​ကို​ထွေးပိုက်​ထားရင်း
သခင်​ကကျွန်​​တော့်နှာဖျား​လေးကို ခပ်​ဖွဖွနမ်းရှိုက်​​လေတယ်​။
 
မျက်​လုံးစုံမှိတ်​လို့ သခင့်ရဲ့​နောက်​ဆုံးအနမ်းကို စိတ်​မှန်းနဲ့ခံယူရင်း
ညာဘက်​မျက်​ဝန်းကမျက်​ရည်​တစ်​စက်​က
​ပေါက်​ခနဲကျဆင်းလာတယ်​...။
 
အဲ့ဒီ့တဒင်္ဂ​လေးက သခင့်အတွက်​​ရော
ကျွန်​​တော့်အတွက်​​ရော အနာကျင်​ရဆုံးပဲထင်​ပါရဲ့...။
 
သခင်​က​ ​ကျွန်​​တော့်​ရဲ့​မြေပုံမို့မို့​လေး​ပေါ်မှာ
စံပယ်​ပန်း​လေး​တွေတင်​လိုက်​ပြီး
ကျွန်​​တော့်အတွက်​ ဆု​တောင်းစကားတချိူ့ကို
ခပ်​တိုးတိုးဆိုရှာတယ်​...။
 
အဲ့ဒီ့​နောက်​ သခင်​က စိန်​ပန်းပွင့်နီနီ​တွေကိုနင်းဖြတ်​ရင်း
အိမ်​ပု​လေးရှိရာကို တ​ရွေ့​ရွေ့ထွက်​ခွာသွားပါ​တော့တယ်​...။
 
​ဝေ​ဝေဝါးဝါး မြင်​ကွင်း​တွေထဲမှာ နောက်​ဆုံးမြင်​လိုက်​ရတာက
တုန်​ရီ​နေတဲ့သခင့်ရဲ့​ကျောပြင်​ငယ်​....။
မတိုးမကျယ်​​သောရှိုက်​သံ​တွေကိုကြား​ပေမယ့်
မတတ်​သာစွာပဲ ကျွန်​​တော်​ထွက်​သွားရ​တော့မယ်​....။
သခင့်ရဲ့အရိပ်​​အောက်​မှာ
ရှင်​သန်​ခြင်းက အစစအရာရာအပူပင်​ကင်းခဲ့သလို
​သေဆုံးခြင်းကလည်း ​ပကတိ​အေးချမ်းခဲ့ပါတယ်​။
 
အချစ်​ကြီးလွန်းတဲ့သခင်​က ​နောက်​ဆုံးအချိန်​ထိလည်း
ကျွန်​​တော့်အ​ပေါ် ချစ်​မြတ်​နိုး​နေဆဲ...။
အချိန်​​တွေကြာ​ညောင်းသွားလည်း
သခင်​က ကျွန်​​တော့်ကိုလွမ်းဆွတ်​​နေဦးမှာပဲဆိုတာသိတယ်​။
ဒါ​ပေမယ့် ကျွန်​​တော့်အတွက်​
ဒီ​နေ့ငိုခြင်းက ​နောက်​ဆုံးပဲဖြစ်​​စေချင်​တယ်​...သခင်​။
တကယ်​လို့ နောက်​ဘဝများရှိခဲ့ရင်​လည်း
သခင့်အနားမှာ ထပ်​​နေခွင့်ရချင်​ပါ​သေးတယ်​...။
 
ကျွန်​​တော့်ကို အတိုင်းအထက်​အလွန်​ချစ်​​ပေးခဲ့တဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​၊
ပြန်​မလာနိုင်​​တော့မယ့်ခရီးရှည်​ကြီးထွက်​ပြီး
သခင့်ကိုထားခဲ့မိတဲ့အတွက်​လည်း
​တောင်းပန်​ပါတယ်​....သခင်​။
 
​ပျော်​​ပျော်​ရွှင်​ရွှင်​​နေရစ်​ခဲ့ပါ​တော့ ကျွန်​​တော်​ချစ်​ရတဲ့သခင်​...။

 
သခင့်ရဲ့"လိုဝီ"။

You've reached the end of published parts.

⏰ Last updated: Aug 28 ⏰

Add this story to your Library to get notified about new parts!

Lowie's Last DiaryWhere stories live. Discover now