🪞🎨 [Unicode || Zawgyi]

12.7K 977 43
                                    

Fanart လှလှလေး ဆွဲပေးတဲ့ LeAh ကို ကျေးဇူးအများကြီးတင်ပါတယ်။ အရမ်းသဘောကျလို့ Cover ပါထားလိုက်ပြီ 🥺🤎

Background Music - 'We Fell in Love in October' by girl in red
~

မှိုင်းညို့နေတဲ့ ကောင်းကင်ထက်ကို ခဏမော့ကြည့်ပြီး ဂျူဟျွန်းသက်ပြင်းချလိုက်တယ်။ မိုးရွာလာရင် ခက်မယ်။ ထီးမပါလာတဲ့အပြင်၊ ဝယ်လာတဲ့ စာအုပ်တွေက အိတ်ထဲရေစိမ့်မှာ စိုးရိမ်ရတယ်။

ဓာတ်ပုံဆိုင်တွေ၊ ပန်းချီကားအဟောင်းတွေရောင်းတဲ့ဆိုင်တွေ၊ ပြီးတော့ .. စာအုပ်အရောင်းဆိုင်တွေနဲ့ပြည့်နေတဲ့ ဒီလမ်းကြားထဲကနေ bus စီးရမယ့်နေရာအထိကို ရောက်ဖို့က တော်တော်လှမ်းသေးတယ်။

လမ်းတစ်လျှောက် ဘေးကဆိုင်တွေကိုကြည့်ပေမယ့် အကုန် တံခါးပိတ်ထားကြတာချည်းပဲ။ မိုးရွာတဲ့အခါ သူတို့အတွက် မလုံခြုံဘူးထင်ပါတယ်။ အကောင်းစားဆိုင်တန်းကြီးတွေမှမဟုတ်ပဲ။ ဂျူဟျွန်းကသာ ဒီလို ပစ္စည်းအဟောင်းတွေစုရတာ ဝါသနာထုံလို့ ဒီနေရာကို ရောက်လာခဲ့တာ။

ဆိုင်တန်းတွေရဲ့အလွန်မှာ ကားလမ်းမကြီးတစ်ခုရှိတယ်။ Bus stop က အဲ့လမ်းမကနေ ၁၅မိနစ်လောက် လမ်းလျှောက်ရသေးတယ်။ အဲ့တော့ မိုးမရွာခင်မှာ၊ သို့မဟုတ် မိုးရွာစမှာပဲ ခဏနားဖို့ ဆိုင်တစ်ဆိုင်လောက်ရရင်ကောင်းမယ်။ တွေးနေတုန်းမှာပဲ မိုးရွာလာတယ်။

ဆံပင်ရှည်တွေကို လက်ကောက်ဝတ်မှာပတ်ထားတဲ့ ခေါင်းစည်းကွင်းနဲ့ ပတ်ဖို့ လက်ထဲက စာအုပ်ထုပ်ကို လမ်းမပေါ် ခဏချလိုက်တယ်။ မိုးရွာထဲပြေးဖို့အတွက် ဆံပင်တွေမလွင့်ဖို့ စည်းရမယ်လေ။

မိုးဖွဲဟာ တမြေ့မြေ့နဲ့ စကျတယ်။ အဟောင်းဆိုင်တန်းလေးတွေရဲ့ ခေါင်မိုးပေါ်ကိုကျနေတဲ့ မိုးစက်သံတွေက ဂျူဟျွန်းအတွက်တော့ ရေစိုနေတဲ့ဂစ်တာတစ်လက်ဆီက အသံတွေကိုနားထောင်ရသလိုပဲ။ စာအုပ်ထုပ်ကိုပိုက်ပြီး လမ်းစလျှောက်ရတော့တယ်။ ဂစ်တာသံတွေကိုမကြိုက်ချင်တော့ဘူး။

ဆိုင်တစ်ဆိုင် တံခါးဖွင့်ထားတာကိုမြင်တော့ ခဏလောက်ဝင်နားဖို့အတွက် ဂျူဟျွန်းတွေးလိုက်တယ်။ ဆိုင်တံခါးအပေါက်ဝမှာတော့ မိန်းကလေးတစ်ဦး။ သူ့လက်ထဲမှာ ဆေးလိပ်တစ်လိပ်နဲ့။ ပုခုံးအပေါ်လောက်ထိရှည်နေတဲ့ ဆံပင်တွေနဲ့ သူဝတ်ထားတဲ့ suit အပြာရောင်အောက်မှာ အဖြူရောင်အဝတ်ပါးတစ်ထည်ရှိတယ်။ သူဟာ တံခါးဘောင်ကို ဘယ်လက်မောင်းနဲ့မှီလို့၊ ဆေးလိပ်ကို တစ်ဆုံးဖွာရင်း ဂျူဟျွန်းကို ငေးမောစိုက်ကြည့်နေပြန်တယ်။ သူ့ဆိုင်ထဲဝင်နားချင်ပေမယ့် မဖြစ်ဘူးထင်ပါတယ်။ ရှေ့ဆက်သွားလိုက်မယ်။

Portrait Of Luv // SeulRene One ShotWo Geschichten leben. Entdecke jetzt