ဒီလောကကြီးထဲမှာ ကျွန်မတို့ နားမလည်နိုင်တဲ့ အရာတွေ အများကြီးရှိတယ်။တခြားသူတွေကတော့ နားမလည်တဲ့အရာတွေကို နားလည်အောင်ကြိုးစားကြလားမသိပေမယ့် သာမန်ဘ၀နဲ့ဘဲ ဖြတ်သန်းချင်တဲ့ ကျွန်မအတွက် မဖြစ်မနေနားလည်ရမယ့် ပုစ္ဆာတွေ သီအိုရီတွေကိုတောင် အလွယ်နည်းနဲ့အပေါ်ယံ ကြည့်ပြီး ဒီအရွယ်ရောက်လာခဲ့တာ။
သူကတော့ ကျွန်မကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ နက်နက်နဲနဲ နားလည်ဖို့ကြိုးစားမိတဲ့ ဖြေရှင်းဖို့ခွင့်တောင်းမိတဲ့ သီအိုရီလေးပါဘဲ။"Hot Latte ပူပူလေးတစ်ခွက်"
မေးခွန်းရဲ့ အစ စာကြောင်းဟာ အဲ့တာနဲ့စတင်တယ်။နီကြောင်ကြောင် ဆံပင်တွေကို ဖရိုဖရဲ အပေါ်မှာ စုထုံးထားပြီးသာမန် လက်ရှည်ပွပွနဲ့ ချည်ဘောင်းဘီတစ်ထည်ကို ၀တ်ထားတဲ့ ကောင်မလေးဟာ သူမှာတဲ့ hot Latte ပူပူလေးကို ကောင်တာပေါ် တင်လိုက်တဲ့အထိ သူ့ဖုန်းထဲမှာဘဲ အာရုံကို နစ်မြုပ်ထားသေးသည်။
"Hot Latte ပူပူလေး ရပါပြီ"
သူမစကားကြားတော့ ထိုကောင်မလေးဟာ အရှက်ပြေရယ်ပြီးငွေရှင်းဖို့ ကတ်ထုတ်ပေးသည်။
အရှက်ပြေရယ်တယ်ဆိုတော့ Hot latteနောက်မှာပူပူလေးထည့်စရာမလိုဘူးဆိုတာ အဲ့ကောင်မလေး သိတယ်ဆိုတာ သေချာပြီဘဲ။
ဒါက သီအိုရီလေးဆီကနေ ကျွန်မပထမဆုံးရခဲ့တဲ့ သဲလွန်စလေးပါဘဲ။
နံပါတ်တစ်။ ။ သူက ထူးထူးဆန်းဆန်း စကားအသုံးအနှုန်းတွေသုံး လေ့ရှိတယ်
အဖေ့ရဲ့ ကဖေးဆိုင်လေးကို ကျောင်းပိတ်ရက် လာကူလုပ်ပေးနေတာမို့ အလုပ်မလုပ်လဲ ဆူမယ့် သူမရှိသဖြင့် နေ့တိုင်းလိုလို ရောက်လာတတ်သည့် hot latte ပူပူလေးကို မသိမသာရော သိသိသာသာရော ငေးခွင့် အပြည့်အ၀ သူမမှာရှိသည်။နေ့လည်ခင်းဆို ရောက်လာတတ်တဲ့ နွေဦးလေပြေလေး။
Hot latte ပူပူလေးလို့ မှာတဲ့ ခပ်အေးအေးအသံလေးအပြင် တချို့ရက်တွေဆို ဒီချိစ်ကိတ်လို့ လက်ညှိုးထောက်ပြီးမှာတဲ့အခါ
အပြုံချိုချိုလေးတွေပါ သူမလက်ဆောင်ရတတ်သည်။ရက်နည်းနည်းလေးနဲ့ ချစ်တယ်ဆိုပြီးခေါင်းစဉ်မတပ်လိုက်ချင်ပေမယ့် ထိုကောင်မလေးကို သဘောကျသည်။သူ့အကြောင်းကို သိချင်သည်။အရှည်ကြီးကိုမတွေးဘဲ ဒီလိုအကြည်ဓာတ်ချစ်စရာကောင်မလေးကို သဘောကျတဲ့စိတ်သက်သက်သာသူမမှာရှိသည်။