"မီးမီး နင်မရစ်နဲ့ဟာ"
ဆန်းဒေးဖြစ်သည်မို့ မိသားစု စုံစုံလင်လင်ရှိနေကြသည့် သူတို့ အိမ်ကလေး။
"ကိုကိုက စိတ်ဓာတ်ပဲနော်။ ဒီညီမလေး တစ်ယောက်တည်းရှိတာကိုတောင် စေတနာမရှိဘူး။ ရတယ်။ မမကြီးပြန်လာရင် တိုင်ကိုတီုင်ဦးမှာ"
အောင်မင်းသန့်တို့အိမ်ကလေးမှာက မောင်နှမသုံးဦး သာနေထိုင်ကြသည်။ မမကြီးနှင့် ညီမလေးကိုဖယ်လိုက်လျှင် မိသားစုတွင် အောင်မင်းသန့်က တစ်ဦးတည်းသော သားယောက်ျားကလေး။ ညီမလေးက သူနှင့်အတော်လေး အသက်ကွာသည်မို့ ပြောရလျှင် အောင်မင်းသန့်က အငယ်ဆုံးသားလေးဟူသော ဂုဏ်ပုဒ်နှင့် နေသားကျနေနှင့်ပြီးသော အလတ်ကောင်လေးဟုဆ်ိုကြပါတော့လေ။
"မေမေ ကိုကိုက မီးကို မဝယ်ပေးဘူးတဲ့"
သူ့ကုမ္မဏီကိစ္စဖြင့်ဗျာများနေသော မေမေ့ကို အမိအရပြေးတိုင်သည့် ရှစ်တန်းကျောင်းသူ မီးမီးရယ်ပါ။
"အောင်မင်းသန့် မင်းကလေးနဲ့ ပြိုင်ပြီး ရန်ဖြစ်နေပြန်ပြီလား"
"မေမေ...အပြင်မှာ နေတွေ ဒီလောက်ပူနေတာကို"
"ကားလေးနဲ့သွားလိုက်ရင် ဘယ်လောက်မှမကြာတာက်ိုသားရယ်။ ညီမလေးက တစ်မနက်လုံး ကျူရှင်တက်ထားရတာကို။ ဝယ်ပေးလိုက်ကွာ။ နော်"
နောက်ဆုံးတော့လည်း လုပ်လက်စ အလုပ်ကိုရပ်ကာ အောင်မင်းသန့် စိတ်မရှည်လက်မရှည်ဖြင့်သာ မြို့ထဲထွက်ခဲ့ရတော့သည်။
"ကိုဒေါသရေ ကားဖြည်းဖြည်းမောင်းဟေ့"
မေမေလှမ်းအော်သည့်အသံကိုကြားသည့်တိုင် အလိုမကျသဖြင့်တွန့်ကွေးထားသည့် မျက်ခုံးနှစ်ဖက်ကတော့ အောင်မင်းသန့်၏လက္ခဏာသဖွယ် မျက်နှာချောချောပေါ် ပရံကျနစွာ လိုက်ဖက်နေလို့။
အသက် (၃၀) ဟူသောအရွယ်နှင့် မလိုက်ဖက်စွာ အောင်မင်းသန့်တွင် ကလေးဆန်မှုလေးရှိနေသည်။ အမေတူအဖေကွဲညီမလေးကို သူချစ်ရသော်လည်း ထိုညီမလေးကြောင့် သူ မိခင်၏ မေတ္တာ အပြည့်အဝ မရခဲ့ဘူးဟူသော အတွေးတို့က သူ့စိတ်ထဲ သံမှိုစွဲသလို စွဲနေ၏။
YOU ARE READING
R e m i n i s c e n e (OneShot)
Short StoryBibliophilia" ဆိုတဲ့ စာအုပ်ထဲက မာန့်ရဲ့ Mini Story လေးပါရှင်။