အပိုင်း(၁)

1.5K 59 15
                                        

Wise men say
Only fools rush in
But I can't help falling in love with you
Shall I stay?
Would it be a sin?
If I can't help falling in love with you?

ကောင်းကင်ပြာသည် လောကကြီး၏ မတည်မြဲသော သဘောတရားအရ မိုးပြာရောင် မှ ပုဇွန်ဆီရောင်သို့ ကူးပြောင်းစ ပြုလာပြီဖြစ်သော ညနေစောင်းအခါနေ၀င်ဆည်းဆာအချိန်လေးတွင် ရေလှိုင်းပြာလေးများရိုက်ခတ်ကစားနေသော ကမ်းခြေအနီးရှိ ခမ်းနားစွာပြင်ဆင်ထားသော အခမ်းအနားတစ်ခုမှ ပျံ့လွင့်လာသည့် တေးသံသာလေးသည် ဘေးပတ်၀န်းကျင် တစ်ခွင်အား လွမ်းခြုံနေလျက်။ တစ်စုံတစ်ယောက်၏ ရင်တွင်းမှခံစားချက်တို့သည် နှုတ်ဖျားမှတစ်ဆင့် သီချင်းအဖြစ် အသွင်ပြောင်းလိုက်သည့်အခါ နားထောင်ရသူတို့၏ရင်ထဲ တိုက်ရိုက်ခံစားမိစေသည်အထိ။ ထို့ပြင် သီဆိုသူ၏ချိုသာလွန်းလှသော အသံကြောင့် ငှက်ကလေးများသည် ကမ်းခြေအနီးရှိသစ်ကိုင်းတို့၌ ခိုနားရင်းနားဆင်ပေးနေကြသကဲ့သို့ တစ်ဖက်တွင်လည်း ရေလှိုင်းပြာများက ကမ်းစပ်သို့ တဝုန်းဝုန်းရိုက်ခတ်ရင်း အားပေးနေကြသော အခါသမယရယ်ပါ။

သီချင်းသံပျံ့လွင့်လာသောအခမ်းအနားရှိရာ ဖြည်းဖြည်းချင်း ချဥ်းကပ်သွားမည်ဆိုပါက ဦးဆုံးပထမ သတိထားမိကြမည်မှာ ထိုအခမ်းအနားသည် သာမန်ပျော်ပွဲရွှင်ပွဲပြုလုပ်သည့်အခမ်းအနားမျိုးမဟုတ်ပဲ ချစ်ရသူနှစ်ဦးမှ သူတို့၏ချစ်ခြင်းတရားကို သက်သေထူသောပွဲနှင့် ဆင်တူနေသည့်အချက်ကိုပါပင်။ အဖြူရောင်သဲပြင်ထက် နှင်းဆီပွင့်ဖတ်များကို အပြည့်ကျဲထားပြီး အဝါရောင်မီးအိမ်တို့ကိုလည်း လျှောက်လမ်းဘေးတစ်ဖက်တစ်ချပ်စီ၌ အစီအရီအလှဆင်ထားကာ ယင်းလမ်းအဆုံးတွင် သစ်ကိုင်းသစ်ခက်များ၊ ပန်းပွင့်ပန်းခိုင်များဖြင့် မုခ်ဦးသဖွယ် အလှဆင်ထားသော နေရာတစ်နေရာ၌ အဖြူရောင်ရှပ်နဲ့ စတိုင်လ်ပန့်အနက်အား လိုက်ဖက်စွာ၀တ်ဆင်ထားသော ကောင်လေးတစ်ယောက်နှင့် ဒူးအထက် ရင်ပြတ်ဂါဝန်တိုအဖြူ ဝတ်ဆင်ကာ လက်ထဲတွင် စာရွက်ဖြူလေးတစ်ရွက်ကိုင်ထားသော ကောင်မလေးတစ်ယောက် ရပ်နေလျက်။

အခြားတစ်ဖက်၌လည်း အနီရောင်နှင်းဆီပွင့်ဖတ်များ ဖြန့်ကျဲထားသော သဲဖြူတို့ပေါ် နင်းလျောက်လာရင်း မိုက်ခ်လေး ကိုင်ကာ သီချင်းသီကြွေးလာသူ ကောင်လေးသည် လျှောက်လမ်းအဆုံးတွင် ရပ်နေသည့်ကောင်လေးနှင့် ဆင်တူသော ဝတ်စုံကိုသာ ဝတ်ဆင်ထား၏။ ချိုသာလွန်းသော အသံကာလာကို ပိုင်ဆိုင်ထားသူကောင်လေးသည် တစ်ဦးတည်းသော ချစ်ရသူလေးအတွက် ရင်တွင်းမှခံစားချက်များကို သံစဉ်များမှတစ်ဆင့် ဖော်ထုတ်သီကြွေးရင်း တစ်ဖက်တွင်စောင့်နေသူလေးထံ တစ်လှမ်းချင်းစီလျှောက်လှမ်းလာပါလျက်။

Unexpected Guest (Complete)Where stories live. Discover now