ဇာတ်သိမ်းပိုင်း

381 9 1
                                    

ဆေးရုံ၏မနက်စောစောအချိန်တွင် အစိမ်းရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့် ခွဲစိတ်ဆရာဝန်များသည် သူတို့ကို စောင့်ကြည့်ကူညီပေးသော သူနာပြုများနှင့်အတူ ဆေးရုံဆောင်လမ်းကြောင်းများကို ဖြတ်ကျော်ရင်း ခွဲစိတ်ခန်းရှိရာသို့ အပြေးသွားနေကြသလို အဖြူရောင်ဂျူတီကုတ်ဝတ်ဆင်ထားသည့် အခြားတာဝန်ကျဆရာဝန်များသည်လည်း သူတို့လူနာအတွက် အသုံးပြုရမည့် ဆေးဝါးစာရင်းများနှင့် လူနာမှတ်တမ်းများကို စစ်ဆေးရင်း အလုပ်ရှုပ်နေကြ၏။ ထိုအထဲတွင် ပါရဂူချွဲနှင့် ဂျောင်ဂုတို့လည်း အပါအဝင်ပါပေ။ လူနာကြည့်ပြီးပြန်လာပုံပေါ်သောနှစ်ဦးသားသည် စကားလေးတပြောပြောဖြင့် လူနာဆောင်များကို ဖြတ်လျှောက်လာကြလျက်။

“ထယ်ယောင်းကိုရော ပြောပြပြီးပြီလား”

“မပြောရသေးပါဘူး။ ဒီနေ့တော့ ပြောပြလိုက်မလို့ပါ”

တစ်ဦးနှင့်တစ်ဦး အချိန်မပေးနိုင်ခဲ့ကြခြင်းက ဝေးကွာခြင်း၏အစများ ဖြစ်နေမလားတော့မသိ။ ယခုရက်ပိုင်းတွင် ထယ်ယောင်းသည် သူ့ပန်းချီပြပွဲအတွက် အလုပ်ရှုပ်နေခဲ့သလို ဂျောင်ဂုသည်လည်း နိုင်ငံခြားထွက်ရန် ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့ခြင်းပါပေ။ ထူးချွန်သောဆရာဝန်တစ်ယောက်ဖြစ်သည်နှင့်အညီ နိုင်ငံခြားပညာတော်သင် စေလွှတ်ခံရသော ဂျောင်ဂုသည် ထွက်မသွားခင်စပ်ကြား ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့ခြင်း။ ဤကြားထဲတွင် ထယ်ယောင်းက ယွန်းဂီနှင့်ပိုမိုရင်းနှီးသွားကြဟန်ပင်။ ထို့ကြောင့် ဂျောင်ဂု သူ့ကိုယ်သူသာအပြစ်တင်ရမည်လား၊ သို့မဟုတ် ကျီစယ်တတ်လွန်းသော ကံကြမ္မာကိုပဲ အပြစ်တင်ရတော့မည်လား မသိတော့။

“ဒါက သားအတွက် ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပဲ။ ဘာမှတွေးမနေဘဲ ကောင်းကောင်းသွားပြီး ပြန်လာခဲ့”

မင်ဂျီမရှိတော့သည့်နောက် ဂျောင်ဂုအနေဖြင့် ယခုလို အောင်မြင်မှုကိုလည်း စိတ်မဝင်စားတော့။ ဤသည်ကို ပါရဂူချွဲက ရိပ်မိသည့်နှယ်၊ ဂျောင်ဂုအား အခြားအတွေး မတွေးစေဘဲ တိုက်တွန်းစကားသာ ဆိုလာခဲ့ပါ၏။ ဤလိုနှင့် နှစ်ယောက်အတူ လမ်းလျှောက်လာကြရင်း လမ်းခွဲတစ်ခုအရောက်တွင်တော့ ပါရဂူချွဲက သူ့ဌာနဘက်ကို ချိုးသွားသည်မို့ လမ်းကြောင်းမတူသည့် ဂျောင်ဂုက ဆေးရုံကောင်တာတွင်သာ လူနာမှတ်တမ်းဝင်ထားရင်း ရပ်ကျန်နေခဲ့လိုက်တော့လျက်။

Unexpected Guest (Complete)Donde viven las historias. Descúbrelo ahora