The Villain /1/

254 29 10
                                    

>>Unicode<<

မိုးသည် ခပ်ဖြောက်ဖြောက် ရွာနေသည်။ ဝုန်းဒိုင်းကျဲ သည်းထန်နေတာ မဟုတ်ပေမဲ့ တစ်နေကုန်တစ်နေခန်း စွေနေသောမိုးကြောင့် လမ်းမပေါ်တွင် လူသွားလူလာ သိပ်မရှိလှ။ ယခုကဲ့သို့ နေ့မျိုးတွင် "DREAM Cafe" သည်လည်း ဝယ်သူမရှိသလောက် နည်းပါးတတ်သည်။

"Ok နောက်ဆယ်မိနစ်အထိ ဝယ်သူမလာရင် ဆိုင်ပိတ်ပြီး အိမ်ပြန်အိပ်ပစ်မယ်" ဆိုင်ပိုင်ရှင်ကောင်လေး တီးတိုးရေရွတ်လိုက်သည်။ အချိန်ကား ညနေငါးနာရီခန့်။ ပုံမှန်ဆိုလျှင် ဤအချိန်သည် ဝယ်သူကျတတ်ချိန်ဖြစ်သော်လည်း အကျိုးမပေးသည့်မိုးကြောင့် ဆိုင်ထဲတွင် တစ်ယောက်ထဲ အထီးကျန်နေရသည်။

ဆယ်မိနစ်မှ ဆယ့်ငါးမိနစ်အထိ ထိုင်ကာစောင့်နေသော်လည်း ယင်ကောင်တစ်ကောင်တောင် ရောက်မလာတာကြောင့် ဆိုင်ပိတ်ရန်သာ ဆုံးဖြတ်လိုက်ရသည်။ ဆိုင်ပြင်ဘက်တွင် ခင်းထားသည့် ထိုင်ခုံနှင့်ထီးများကို စတိုခန်းထဲတွင် သိမ်းပြီးချိန်၌ ဆိုင်ရှင်ကောင်လေးသည် ရေစိုနေသည့် golden retriever ဘဝသို့ ပြောင်းနေပြီဖြစ်သည်။ ကြွက်စုတ်မဖြစ်ဘဲ retriever ဖြစ်ရသည့် အကြောင်းရင်းမှာ ၆ ပေအတိရှည်သောအရပ်၊ ကျယ်ဝန်းသောရင်အုပ်နှင့် ဂုတ်ကျော်လုနီးပါး အညိုရောင်ဆံပင်ရှည်တို့ ရှိသောကြောင့် ဖြစ်သည်။

~ချလွင်~

အလုံးစုံသိမ်းဆည်းပြီးချိန်၌ ဆိုင်တံခါးတွင်ချိတ်ထားသည့် ခေါင်းလောင်းမှ အသံမြည်လာခဲ့သည်။ ထို့နောက် ဆိုင်ထဲသို့ လူကောင်ခပ်သေးသေး ကောင်မလေးတစ်ယောက် ဝင်လာသည်။ သူမ၏ပုံစံသည် လောနေပုံရပြီး ကပျာကသီနှင့်။

"ဆိုင်ပိတ်သွားပါပြီခင်ဗျာ"

"အာ...ပိတ်သွားပြီလား၊ လာတာ နောက်ကျသွားတယ်ထင်တယ်"

"မဟုတ်ပါဘူး၊ ဒီနေ့က မိုးရွာလို့ စောစောပိတ်လိုက်တာ၊ ပုံမှန်ဆို ရှစ်နာရီလောက်ထိ ဖွင့်ပါတယ်"

"ဟုတ်...ဟုတ်"

လှည့်ထွက်သွားသော ဝယ်သူကောင်မလေး​ကို ကြည့်မနေတော့ဘဲ ပစ္စည်းတွေစစ်ရန်သာ အာရုံစိုက်လိုက်သည်။ သူ တကယ်ပဲ အိမ်ပြန်ပြီး စောင်ခြုံကွေးချင်နေပြီ။

The Untitled StoriesWhere stories live. Discover now