The Villain /final/

86 18 12
                                    

>>Unicode<<

ကော်ဖီဆိုင်ငယ်လေးတစ်ခုတွင် သီချင်းသံခပ်တိုးတိုး ပျံ့လွင့်နေသည်။ ဤဆိုင်သည် အကို့ရဲ့ဆိုင်တော့ မဟုတ်။ ရွယ်ကိုးသည် အေးစက်နေပြီဖြစ်သည့် ကော်ဖီခွက်ကို ရှေ့ချကာ ဆိုင်တံခါးဝသို့ တကြည့်ကြည့်ဖြစ်နေသည်။

ဆယ့်ငါးမိနစ်မျှ ကြာပြီးသည့်နောက် ရုပ်ဖျက်ထားတာတောင် အရှိန်အဝါတစ်မျိုး ထွက်နေဆဲဖြစ်သည့် ကောင်လေးတစ်ယောက် ဆိုင်ထဲသို့ ဝင်လာသည်။ ထိုကောင်လေးသည် ရွယ်ကိုး၏အရှေ့တွင် ဝင်ထိုင်ကာ ပြောလိုက်သည်။ "ဘာဖြစ်လို့ ငါနဲ့တွေ့ချင်တာလဲ မေရွယ်ရည်ကိုး"

"နင် အကို့အနားက ထွက်သွားပေး"

"ဟက်...အခုတလော ဒီစကားတွေပဲ ကြားနေရလို့ ပျင်းတောင်ပျင်းလာပြီ၊ တခြား အသစ်အဆန်းဖြစ်မဲ့ စကားလေးတွေ ပြောပါလား"

"ဒါဆို နင်တောင်းသလောက် ပိုက်ဆံပေးမယ်၊ ပြီးရင် ငါတို့အနားက ပျောက်ကွယ်သွား"

"အာ...ခဏလေး၊ တစ်ခုခု အထင်လွဲနေတယ် ထင်တယ်နော်၊ ငါ ကိုကို့ကို ချစ်သူအဖြစ်ရွေးချယ်လိုက်တာ ပိုက်ဆံကြောင့်လို့ ထင်နေတာလား၊ ပိုက်ဆံလိုချင်ရင် အမ်းချင်လို့ ဝိုင်းဝိုင်းလည်နေတဲ့ မမတွေကိုရွေးမှာပေါ့၊ ကိုကို့ကို အချစ်တစ်ခုထဲကြည့်ပြီး ရွေးလိုက်တာ"

မထီတရီပြုံးကာ ပြောနေသည့် မြတ်ဘုန်းသော်၏ မျက်နှာကို ရွယ်ကိုး လက်သည်းဖြင့် ဆွဲကုတ်ပစ်လိုက်ချင်သည်။ သို့သော် အကျယ်အကျယ်မဖြစ်ချင်တာကြောင့် စိတ်ကို ထိန်းလိုက်ရသည်။ စိတ်ငြိမ်သွားအောင် အေးစက်နေသည့် ကော်ဖီကို တစ်ငုံမျှ သောက်လိုက်ပြီး "နင် အကို့အနားက ထွက်သွားအောင် ငါဘာလုပ်ပေးရမလဲ"

"မင်း စကားပြောရင် ထွက်သွားဆိုတာမပါဘဲ မပြောတတ်ဘူးလား၊ ထွက်သွား...ထွက်သွားနဲ့ ကြားရတာ နည်းနည်းတော့ အဆင်မပြေတော့ဘူး၊ ကိုကို့အနားမှာ ငါရှိနေခြင်း မရှိနေခြင်းက မင်းနဲ့ ဘာများသက်ဆိုင်နေလို့ လာလောင်နေတာလဲ"

"အကိုက နင်နဲ့မထိုက်တန်လို့၊ အကို့လို အေးအေးဆေးဆေး နေတတ်တဲ့သူက နင်တို့အသိုင်းအဝိုင်းနဲ့ လုံးဝမအပ်စပ်လို့"

The Untitled StoriesWhere stories live. Discover now