"နွေနှောင်းရှင်"
လှမ်းခေါ်လိုက်သံကြောင့် ရုပ်ရှင်လက်မှတ်ဝယ်ရန် ပြင်နေသော နွေနှင့်အတူ စိမ်းပါလှည့်ကြည့်လိုက်မိသည်။ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နှင့် အမျိုးသားတစ်ယောက်က စိမ်းကို တစ်ချက်ကြည့်ပြီး နွေ့ကိုပြုံးပြသည်။ ထိုလူက အရပ်ရှည်သောနွေ့ထက်ပင် ခေါင်းတစ်လုံးကျော် မြင့်သေးသည်။
"ကိုဟိန်းသစ်"
နွေ့အသံက အံ့အားသင့်ခြင်းနှင့်အတူ ပျော်ရွှင်မှုတို့ စွက်ဖက်နေသယောင်ပင်။ အပြုံးတို့နှင့်ပြုစားတတ်သည့် နွေက ထိုလူ့ကို တောက်ပစွာပြုံးပြနေသည်။
နွေအကြောင်းကို စိမ်းဘာမှမသိပေမယ့်လို နွေ့အပြုံးတွေကိုတော့ စိမ်းတစ်ယောက်သာ ပိုင်ဆိုင်ချင်ပါတယ်..... မဖြစ်နိုင်မှန်း သိသိကြီးနဲပေါ့.....
ကိုဟိန်းသစ်ဆိုသူက နွေဆီ လျှောက်လာပြီး နွေ့ဆံပင်ကို လက်နှင့်ထိုးဖွလိုက်သည်။မာနကြီးတတ်တဲ့နွေဟာ ထိုသူ့ကိုတော့ ကြည်ဖြူနေသည်တဲ့လား။ စိမ်းကတော့ ထိုလူနှစ်ယောက်ကြားထဲမှာ မရှိတဲ့လူတစ်ယောက်ယောက်လိုပါပဲ။ မျက်တောင်လေး တဖျပ်ဖျပ်ခတ်ပြီး သူတို့နှစ်ယောက်ကို ငေးကြည့်နေရတဲ့သူလေး တစ်ယောက်ပေါ့။
"ညီမင်းနောင်တစ်ယောက်ရော"
ညီမင်းနောင်ဆိုသော နာမည်ကိုတော့ ယွန်းဆီက စိမ်းခဏခဏကြားဖူးသည်။
ညီမင်းနောင်ကို တွေးမိသည်နှင့် ဒင်းမွှေထားတဲ့ အရှုပ်ထုပ်တွေကြောင့် နွေခေါင်းမူးချင်သွားသည်။ စာအုပ်ဆို ယောင်လို့တောင်ကိုင်မကြည့်ဖူးတဲ့သူက BL စာအုပ်ပေါင်းသောင်းခြောက်ထောင်ကို စာအုပ်စင်နဲ့ တယုတယထားတတ်လေ။ သူ့မားသားကြီး မသိအောင် နွေပါညာပေးထားရတဲ့အဖြစ်။
"အိမ်မှာပေါ့ သိတယ်မလား စာအုပ်မှာထားတာတွေရောက်လို့တဲ့ ထိုင်ဖတ်နေလေရဲ့"
"ဟားဟား အဲ့ဒီကောင်ကတော့ကွာ"
ကိုဟိန်းသစ်ဆိုသူက ခပ်လွင်လွင်ရယ်ပြီး စိမ်းဆီအကြည့်ရောက်လာသည်။ ထိုအခါမှ နွေကလည်း စိမ်းရှိနေသေးသည်ကို သတိထားမိပုံရ၏။