ခရီးဖော်

2K 173 13
                                    

    Uni   
  ချိုအီနွဲ့ပြောင်းစွာ ထွက်ပေါ်နေတဲ့ တယောသံကြောင့် ဖုန်းကို ထုတ်ကြည့်လိုက်သည် ။ ကျွတ် ။ ဒီတစ်ခါလည်း မဟုတ်ပြန်ဘူးဘဲ ။ မျက်ဝန်းကို တစ်ချက်ဝေ့ပြီး အကြားကို ပိုအာရုံစိုက်လိုက်တော့ ကျွန်မထိုင်နေတဲ့ ခုံရဲ့ ရှေ့ မျက်စောင်းထိုးနေရာက ဖုန်းပြောသံ ခပ်တိုးတိုးကို ကြားရသည် ။ ကားစက်သံရယ် ဖွင့်ထားတဲ့ မြန်မာကားထဲက တစ်ယောက်တစ်ပေါက် စကားလုပြောနေသံတွေကြားထဲကမှ ဖုန်းပြောသံခပ်တိုးတိုး ။ အလုပ်ကိစ္စလား ။ ကိုယ်ရေးကိုယ်တာတွေ ပြောတဲ့ဖုန်းလားတော့မသိ ။ အဲ့ဒီတစ်ယောက်ဆီ ဖုန်းခဏခဏ ဝင်တာကို ကျွန်မ သတိထားမိနေပြီ ။

       တမင်တကာကြီး အာရုံစိုက်နေတာတော့ မဟုတ်ဘူးပေါ့ ။ တကဲ့ကို တိုက်တိုက်ဆိုင်ဆိုင် ။ ကျွန်မနဲ့သူက ဖုန်းရင်းတုန်းသံ တူနေတာ ။ ရင်းတုန်းသံ တူနေတာများ ဘာထူးဆန်းလို့လဲဟု ထင်ကြပါလိမ့်မည် ။ သိပ်ထူးသည်ပေါ့ ။ ကျွန်မထည့်ထားတဲ့ ရင်းတုန်းသံက ဖုန်းထဲအသင့်ပါတဲ့ အသံမျိုးမှ မဟုတ်တာ ။ တယောသံ ချွဲအီအီကလေးကို ကြိုက်နှစ်သက်လွန်းလို့ တကူးတကရှာပြီး ထည့်ထားတဲ့အသံ ။ တိုက်ဆိုင်မှုအတွက် မနှစ်သက်စရာ မရှိပေမဲ့ အခုလို ကားတစ်စီးတည်းပေါ်မှာ ဖုန်းခေါ်သံ ခဏခဏ ကြားရ၊ကြားတိုင်းလည်း ကိုယ့်ဖုန်းသံထင်ပြီး ထုတ်ကြည့်လိုက် မဟုတ်မှန်းသိတော့ ဖုန်းကို အိတ်ထဲပြန်ထည့်လိုက် လုပ်နေရတဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်လာရသည် ။

    ကျွန်မက ဖုန်းထဲက တဂျီးဂျီးတုန်ခါမှုကိုလည်း မနှစ်မြို့တာကြောင့် ဖုန်းvolume ကို အမြင့်ဆုံးထားပြီး ဖုန်းခေါ်သံကြားရအောင် သတိထားနေတတ်သူ ။ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း vibration ကို မနှစ်သက်တတ်သူထင်ပါရဲ့ ။ ချွဲအီအီတယောသံကလေးနဲ့အတူ ဖုန်းတုန်ခါသံ တဂျီးဂျီးကိုပါ တွဲကြားရရင် ဘယ်လောက်အသံတူတူ ကိုယ့်ဖုန်းသံ မဟုတ်မှန်း ကျွန်မသိမှာ ။ ခုတော့ ။ တိုက်ဆိုင်မှုတွေရယ် ။ ခဏခဏ အသံမြည်တတ်တဲ့ ဖုန်းတွေရယ်
ကြောင့် ပျင်းစရာကောင်းတဲ့ ကားစီးချိန်ရှည်ရှည်မှာ ကျွန်မအာရုံစိုက်စရာ ရခဲ့ပြီ ။ ကျွန်မဆီက ဖုန်းသံကြားတိုင်း သူလည်း သူ့ဖုန်းကို ထုတ်ကြည့်လိုက် သူ့ဆီလာတာမဟုတ်မှန်းသိတော့ အိတ်ထဲပြန်လိုက်နဲ့  အလုပ်တွေကိုရလို့ ။

ခရီးဖော်Where stories live. Discover now