သူ့သတင်းတွေ ကြားနေတာကြာပြီ ။ သူ့ကိုတွေ့ချင်နေတာလည်းကြာပြီ ။ ဒါပေမဲ့ သူနဲ့တွေ့ရအောင် ကျွန်မဘက်က အားစိုက်ကြိုးပန်းခဲ့တာမျိုးမရှိ ။ သူရှိတဲ့ နေရာတွေကို သိပေမဲ့ သူ့ဆီကို အရောက်သွားဖို့ ကျွန်မစိတ်က တွန့်ဆုတ်နေတာကို ဝန်ခံရပါမည် ။
ဟုတ်သည် ။ သူ့သတင်းတွေကြောင့် သူ့ကို မျက်ခြင်းဆိုင်တွေ့ဖို့ ကျွန်မတွန့်ဆုတ်နေခဲ့တာ ။
ဒီနေ့တော့ ကော်ဖီဆိုင်မှာ တစ်ယောက်တည်းထိုင်ပြီး တွေးချင်ရာတွေး ငေးချင်ရာငေးနေတုန်း ကျွန်မမြင်ကွင်းထဲကို သူဝင်လာခဲ့တာ။ သူ့ကိုမြင်တော့ ကျွန်မဝမ်းသာသွားသည် ။တကူးတက သွားမရှာဖြစ်ပေမဲ့ တွေ့ချင်နေခဲ့တာမလား။ လှမ်းခေါ်ဖို့ ပြင်လိုက်စဥ် မြင်ကွင်းထဲ ဝင်လာတဲ့ နောက်ထပ်ပုံရိပ်တစ်ခုကြောင့် ကျွန်မနုတ်ခမ်းတို့ ပြန်လည်စေ့ပိတ်သွားခဲ့ရပြီ ။အသံကလည်ချောင်းထဲမှာတင် ပျောက်ကွယ်သွားသည် ။
သူ့လက်ကို တွဲချိတ်လိုက်တဲ့ နောက်လက်တစ်ဖက်ကို မနှစ်မြို့စွာကြည့်ပြီး ကျွန်မအကြည့်တို့ကို တခြားနေရာသို့ ရွေ့ပစ်လိုက်သည် ။ သူတစ်ယောက်တည်းမဟုတ်ရင် သူ့ကို ကျွန်မမခေါ်ချင်ပါ ။သူတို့ ကျွန်မထိုင်နေတဲ့ ကော်ဖီဆိုင်ထဲကို လှမ်းဝင်လာသည်။ ကျွန်မ မျက်နှာကို ဆံနွယ်တွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလိုက်ပေမဲ့ မမီတော့။ ကံဆိုးစွာပင် ကျွန်မကို သူ မြင်သွားပြီ ။
သူ ကျွန်မကို ပြုံးပြပြီး ကျွန်မထိုင်နေရာဆီ လျောက်လာသည် ။ တွဲလက်တစ်စုံကို မနှစ်မြို့စွာကြည့်ရင်း သူ့ကို ပြန်ပြုံးပြဖို့ နုတ်ခမ်းကို ဆွဲဆန့်မရဖြစ်နေသည် ။ ဟင့်အင်းပါ ။ သူတစ်ယောက်တည်း မဟုတ်ရင်တော့ ကျွန်မသူနဲ့ မတွေ့ချင် ။ အဓိကက သူ့ဘေးက တွဲလက်ပိုင်ရှင်နဲ့ ကျွန်မ စကားမပြောလို ။ မျက်နှာခြင်းမဆိုင်လို ။
''တူပါတယ်လို့ ကြည့်နေတာ....မတွေ့တာကြာပြီ...အစစအဆင်ပြေပါတယ်နော် လွင်...´´
''ပြေပါတယ်...´´
ကျွန်မရဲ့ အတွင်းစိတ်က မျက်နှာမှာ ပေါ်နေမှာ သေချာပါသည် ။ ကျွန်မဘယ်တုန်းကမှ ဟန်ဆောင်မကောင်းခဲ့။ သူ့တွဲလက်ပိုင်ရှင်က ကျွန်မကို ပြုံးစိုက်ကြည့်ပြီး သူ့ပခုံးနားကပ်ကာ တစ်ခုခုပြောသည် ။ သူက ခေါင်းခါပြသည် ။ ဟိုတစ်ယောက်က လက်ကိုရုန်းနေပေမဲ့ သူကမလွှတ် ။ စိတ်ရှုပ်လိုက်တာ။ ကျွန်မထထွက်သွားလိုက်ရမလား ။