-၁-
နေဝင်ခါစ သောကြာညနေတွေကို အခရာမုန်းတတ်ပါတယ်၊ ဒီသောကြာကလည်း နေဝင်ပြန်ပြီ၊ အခရာပြန်ရဦးမယ်။
"ပြန်ချင်သေးဘူးမေသဲရာ"
မေသဲတို့ခြံထဲကို အခရာ လာဆော့တိုင်းအမြဲဒီစကားမျိုးကိုပြောတတ်တယ်၊ သူမေသဲကိုချစ်သလို မေသဲလည်းသူ့ကိုချစ်တယ်၊ မေသဲ မေမေနဲ့ အခရာ့ေမမေက အမြွှာညီအစ်မတွေဖြစ်ပေမယ့် မေသဲနဲ့အခရာကတော့ ညီအစ်မ မတော်ကြပါဘူး၊ ဘာလို့လဲဆိုတော့ မေသဲက မေမေဒေါ်ပုလဲနွယ်နဲ့ ဖေဖေ ဦးရဲနိုင်တို့ရဲ့ မွေးစားသမီးဖြစ်နေလို့....၊
အခရာ့အမေဖြစ်သူ ဒေါ်ဒေါ်သွယ်က တစ်ဦးတည်းသောသမီးလေး အခရာ့ကို ပိုးမွေးသလိုမွေးထားတယ်၊ မိဘနှစ်ပါးလုံးက အခရာ့ကိုချစ်တယ်ဆိုတာထက် မင်းသမီးလေးလို တယုတယထားတယ်၊ အခရာ့ဘဝကို တစ်ခါတစ်လေ မေသဲ အားကျမိပေမယ့် တစ်ခါတစ်ခါ အခရာစိတ်ညစ်နေတာမြင်ရရင် အားမကျတော့ပြန်ဘူး။ အဲလိုအချိန်မျိုးတွေဆို မေသဲကို သမီးအရင်းထက်မကချစ်ပေးကြတဲ့ မေသဲရဲ့မွေးစားမိဘတွေကို ကျေးဇူးတင်မိပြန်တယ်၊
မေသဲခုနစ်နှစ်သမီးအရွယ်မှာအဖေနဲ့အမေက မေသဲကို ဂေဟာကနေခေါ်ယူမွေးစားခဲ့ကြတယ်၊ ပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရဖူးတဲ့ ဖေဖေနဲ့ မေမေရဲ့ နှစ်လိုဖွယ်အပြုံးက မေသဲရဲ့ ရင်ထဲအသည်းထဲမှာ ကမ္ဗည်းတပ်ပြီးသားဖြစ်သွားတယ်၊ မေသဲ ဖေဖေနဲ့ မေမေက မေသဲကို အခရာ့မိဘတွေလို မချုပ်ချယ်ဘူး၊ မေသဲကို လွတ်လပ်ခွင့်ပေးတယ်၊ မေသဲရဲ့နေချင်သလိုနေခွင့်ရှိတဲ့ ဘဝကို အခရာက အားကျပြီး မေသဲက အခရာရဲ့ အစစအရာရာပြည့်စုံနေမှုကိုအားကျတယ်၊ အခရာက ချစ်ဖို့လည်းကောင်းတယ်၊ စာလည်းတော်တယ်၊ ဉာဏ်ကောင်းတယ်။
မေမေနဲ့ ဒေါ်ဒေါ်သွယ်က အမွှာညီအစ်မတွေဆိုပေမယ့် စရိုက် မတူကြဘူး၊ သားသမီးကို ထိန်းကျောင်းပုံချင်းမတူကြဘူး၊ ဒေါ်ဒေါ်သွယ်က သူသာ မေသဲတို့အိမ်ကို မကြာမကြာလာလည်တတ်ပေမယ့် အခရာ့ကိုတော့ သောကြာနေ့တစ်နေ့ပဲ ခေါ်လာတယ်၊ ကျန်တဲ့ရက်တွေက အခရာအိမ်မှာပဲဆရာမနဲ့စာသင်ရတယ်၊ စန္နယားတီးသင်ရတယ်၊ ရေကူးသင်ရတယ်၊ ဒါ့အပြင်တခြား အခရာသင်ရတာတွေရှိသေးတယ်၊ သူပြောပြတုန်းကသာ မှတ်မိပေမယ့် များလွန်းလို့ အခရာ့ရဲ့ တခြားသင်ယူရမှုတွေကို မေသဲမေ့ပြီ။