Story Plant shop ဆိုတဲ့ ဆိုင်လေးရှေ့မှာ ဆူးတစ်ယောက် မယောင်မလည်ရောက်လာပြန်ပြီ။ အပင်စိုက်ရမှာ ပျင်းပေမယ့် သူများပျိုးထားတဲ့ စိမ်းစိုစိုအပင်လေးတွေကို ကြည့်နေရတာတော့ ကြိုက်သား။ ခပ်ဖျော့ဖျော့ရွှေညိုရောင်ဝမ်းဆက်နဲ့ ဆိုင်ပိုင်ရှင် အမျိုးသမီးလေးက ဒီနေ့တော့ သုတ်သီးသုတ်ပြာနဲ့ ဆိုင်တံခါးကိုအမြန်ဖွင့် OPEN ဆိုတဲ့စာတန်းလေးကို တံခါးဝမှာအမြန်ဆွဲလိုက်သည်။ ဆိုင်ရှေ့မျက်နှာချင်းဆိုင်ခုံတန်းမှာထိုင်ပြီး ဆူးတစ်ယောက်ငေးမိပြန်သည်။
Plan shopဆိုင်ငယ်၏ပိုင်ရှင် သံလွင်တစ်ယောက်ဆိုင်တွင်း ပြေးပြေးလွှားလွှားအလုပ်ရှုပ်နေရင်း ကော်ဖီတစ်ခွက်ကိုအရမိဖျော်ပြီး သစ်သားစားပွဲခုံဝိုင်းလေးမှာ ထိုင်ပြီး နားနေလိုက်သည်။ ...ဒီနေ့လည်းခုံတန်းပေါ်က မိန်းကလေးဟာဆိုင်ထဲကိုငေးနေတုန်းပဲ။ ဆိုင်ထဲကိုမဝင်ပဲ အပြင်ကနေနေ့တိုင်းလာငေးနေတတ်တဲ့ ကောင်မလေးကို သူမသတိထားမိတာ ကြာပြီ။
ဒေါ်သံလွင် အသက် (၂၇)နှစ်...ကြိုက်တဲ့အစားအစာ ကော်ဖီတစ်မျိုးတည်းသား ၊ နေရပ်-မောင်မရှိတော့ကတည်းက ပျောက်ဆုံးနေခဲ့ပြီးသား ...။ ( ၅ )နှစ်တာကာလ တစ်လျှောက်လုံး သံလွင်တမင်မေ့ဖျောက်ထားခဲ့သော လူသား...လောကကြီးတွင် မရှိတော့သော လူတစ်ယောက်ကြောင့် နာကျင်လွမ်းဆွတ်
နေရသော နှလုံးသားအား ဆိတ်ငြိမ်စွာနေထိုင်ခြင်းဖြင့် ကုစားခဲ့သည်။ မောင်ချစ်တဲ့ အပင်လေးတွေကို တယုတယပျိုးသည်။ ကော်ဖီခါးခါးတွေသောက်သည်။ ဒီလောက်ပါပဲ...သံလွင့်ဘဝဟာ ဒီလောက်ထိရိုးရှင်းလွန်းသည် ...တကယ်တော့ ဤမျှအထိ အထီးကျန်လွန်းသည်ဟု ဆိုရမလား...။ လက်ထဲက ကော်ဖီခွက်ကိုချပြီးမှ cactusပင်လေးတွေကိုရေဖျန်းဖို့ သတိရတော့သည်။ cactus လေးတွေကချစ်စရာကောင်းသလောက် ဆူးတွေကလည်းအပြည့်...သူ့သဘာဝကိုက ဆူးတွေနဲ့အပင်မဟုတ်လား...။ကြွေအိုးဖြူဖြူလေးထဲက cactusလေးတွေကိုရေဖြန်းနေတုန်းမှာပဲ ...
"အပင်လေးတွေ ကြည့်လို့ရမလား..."
"ရှင်...ဟုတ် ရပါတယ်"
ရုတ်တရက် costumer ရဲ့အသံကြောင့် နောက်လှည့်ကြည့်ပြီး အမြန်ပြန်ဖြေလိုက်ရသည်။ cactusပင်မှ စိုက်ဝင်သွားသော ဆူးတစ်ချို့ကြောင့် ညာလက်ညှိုးထိပ်က ဆစ်ခနဲ။