အပြင်၌ မိုးများသည်းထန်စွာ ရွာသွန်းလျက်ရှိ၏။ မိုးနတ်မင်းသည် မဟာပထဝီမြေကြီးအား အငြှိုးများရှိနေသကဲ့သို့၊ ထိတ်လန့်ဖွယ် မိုးခြိမ်းသံကြီးများကို ဆက်တိုက်ဖန်တီးနေတော့သည်။ လေပြင်းများတိုက်နေသောကြောင့် သစ်ပင်များမှာလည်း ယိမ်းနွှဲ့လျက်။
အိမ်အပြင်ဘက်၌ ဖြစ်ပျက်နေကြသည့် ထိုအရာများကိုကြည့်လျက် PPတစ်ယောက် ငိုင်ထွေနေလေ၏။
ယနေ့သည် သူ၏မွေးနေ့။ သို့သော် ယခုအခြေအနေကဲ့သို့ အိမ်တွင်းအောင်းနေရသည်ကို သူမကြိုက်ပါချေ။
ဟိုတစ်ယောက်သည်လည်း ဒီနေ့လိုနေ့မျိုးကို မေ့နေသလားအောက်မေ့ရသည်။ သေချာပါသည်။ မေ့နေရောပေါ့။
PPလိုက်ကာကို ပြန်ပိတ်လိုက်ရင်း အိမ်အောက်ထပ်သို့ ဆင်းကာ ညစာချက်ဖို့ပြင်ဆင်လိုက်သည်။
အိမ်မှုကိစ္စတာဝန်များသည် PP၏အလုပ်ဟု ပုံသေမသတ်မှတ်ထားသော်ငြား အိမ်မှာကျန်နေခဲ့ရသည့်သူကသာလျှင် ထိုတာဝန်များကို လုပ်နိုင်မည်မဟုတ်လား။
PPကိုယ့်ဘဝကိုကိုယ်ပြန်တွေးရင်း မျက်လုံးများသည် စပ်ဖျင်းဖျင်းဖြစ်လာ၏။ နှလုံးသားသည်လည်း တစ်ချက်ထိုးအောင့်လာပါ၏။ လိုလိုချင်ချင်ရွေးချယ်ခဲ့သည့် ယခုဘဝကို သူစွန့်လွှတ်ချင်နေပါသည်။ သို့သော် သူ့ဘေးနားမှာနေရင်း လိုလိုချင်ချင်ကိုနာကျင်ချင်နေတော့လည်း အခက်သား။
သစ်သားပြားပေါ်တင်လှီးခံနေရသည့် ကြက်သွန်နီကြောင့်လော၊ ဓားပျက်ဒဏ်ရာကြောင့်လော၊ ရင်ဘတ်ထဲ၌မွန်းကျပ်နေသည့် နှလုံးသားတစ်စုံကြောင့်လော မပြောတော့သော်လည်း မျက်တောင်ရှည်ကြီးများ ဝန်းရံခံနေရသည့် ပုလဲရွဲကြီးနှစ်လုံးမှာမူ ပယင်းရောင်အရည်ကြည်များ မွေးမြူနေတော့သည်။
PPထမင်းစားပွဲတွင်ထိုင်လျက် စောင့်မျှော်နေသော်လည်း မျှော်လင့်သူမှာ မလာသေး။ ည၁၁နာရီစွန်းနေလေပြီ။ သူ့မွေးနေ့ပြီးဆုံးရန် အချိန်တစ်နာရီသာလျှင် လိုတော့၏။ ထမင်းစားပွဲပေါ်တွင်နေရာယူထားသော ဟင်းပွဲများမှာ အေးစက်နေလေပြီ။