ပေါက္ခရဝသအချစ် (one shot)

7.3K 800 41
                                    

Unicode

အကျင့် ဖြစ်နေပြီဖြစ်တဲ့ ရိပေါ်ရဲ့မျက်လုံးတွေက သူ့အချိန်ကျတာနဲ့ အလိုလို ပွင့်လာတော့သည်။ အခုက မနက် ၅ နာရီဆိုတာကို နာရီကြည့်စရာ မလိုအောင်ပင် သေချာနေလေသည်။

အိပ်ယာထက်က ထ ရန် ကြံစည်နေတဲ့ ရိပေါ်ခမျာ သူ့တစ်ကိုယ်လုံးက ရင်ခွင်ကျယ်တစ်ခုထဲ သိမ်းသွင်းခံထားရတာကြောင့် လှုပ်မရအောင် ဖြစ်နေရသည်။

ကျောပြင်နဲ့ ထိကပ်နေတဲ့ ရင်ခွင်နွေးနွေးကို သဘောကျပြီး ဆက်လို့ မှေးစက်နေလိုက်ချင်ပေမယ့် နိုးမှ ဖြစ်တော့မည်မို့ ရိပေါ်က သူ့ခါးထက် ရစ်သိုင်းထားတဲ့ လက်တွေကို ဖြည်းဖြည်းချင်း ဖယ်လိုက်သည်။

ရင်ငွေ့ရှင်လေး နိုးသွားမှာလည်း စိုးရိမ်မိတာကြောင့် အသာအယာ သတိနဲ့ ဖယ်ခွါရင်း အသံမမြည်အောင် တိတ်တိတ်လေး ရွေ့နေမိလေသည်။

လွတ်လွတ်ကျွတ်ကျွတ် ထ လို့ရသွားမှ ရိပေါ်က ခြေရင်းက စောင်ကို ယူပြီး ရင်ငွေ့ရှင်လေးကိုယ်ပေါ်သို့ အသာလွှားခြုံပေးလိုက်သည်။

ကိုကိုကအမြဲဒီလိုပဲ။ သူ အရင်အိပ်ပျော်နေရင်သာ သူ့အိပ်ယာမှာ ရှိနေတတ်တာဖြစ်သည်။ ရိပေါ်သာ အရင်အိပ်နေတာဖြစ်လို့ကတော့ ကိုကိုက ရိပေါ်အိပ်ယာထဲ အတူတူ အတင်း ဝင် တိုးပြီး အိပ်လေ့ရှိသည်။

အခုလည်း ကိုကို့အိပ်ယာကို ကြည့်လိုက်တော့ အနေအထားမပျက် သပ်သပ်ယပ်ယပ် ရှိနေသည်။ ကြည့်ရတာ ကိုကို ညက ပြန်ရောက်လာတာ နောက်ကျပုံရသည်။

ကိုကိုနဲ့ ရိပေါ်တို့ နှစ်ယောက်ရဲ့ အိပ်ယာက ဘေးချင်းကပ်လျက်ရှိနေပြီး အလယ်မှာတော့ ခေါင်းရင်းနားမှာ ကိုကို့ရဲ့ ပညာရပ်ဆိုင်ရာနဲ့ ပတ်သက်တဲ့ စာအုပ်စင်ရှိသည်။ ရှေ့နားမှာ စာကြည့်စားပွဲပုလေးကို ခင်းထားလေသည်။ စားပွဲအောက်မှာလည်း ကိုကို့ရဲ့ ဆေးပညာ စာအုပ်တွေ ထား ထားသေးသည်။

ရိပေါ်ကတော့ ကိုကို့စာအုပ်တွေကို နားမလည်ပေမယ့် ဒီလို ထူထဲတဲ့ စာအုပ်တွေရယ်၊ Eng လို ရေးထားတာတွေရယ်ကို ကြည့်ပြီး ကိုကိုက သိပ်တော်တာလို့ ဂုဏ်ယူတတ်လေသည်။

ပေါက္ခရဝသအချစ် (one shot)Where stories live. Discover now