နေရောင်အောက်တွင် ကြွေသည့်ကြယ်

518 52 29
                                    

နေရောင်အောက်မှာ ကြွေတဲ့ကြယ်

(၁)

အကွေ့အကောက်များသည့် တောင်ပေါ်လမ်းပေါ်တွင် ကုန်အပြည့်တင်ထားသည့် ကုန်တင်ကားတစ်စီး ဖြည်းဖြည်းမှန်မှန်ဖြင့် မောင်းနေသည် ။ ထိုကား၏အနောက်နားတွင် အနွေးထည်အင်္ကျီလက်ရှည်အနက်ရောင်နှင့် ဂျင်းဘောင်းဘီအနက်ရောင်ကိုဝတ်ဆင်ထားပြီး ကားအောက်ကိုခြေထောက်နှစ်ဖက်ချထိုင်နေသည့် ကောင်လေးတစ်ယောက်ရှိသည် ။ ထိုကောင်လေး၏ညာဘက်လက်က ကားအနောက်စရှိသံတိုင်ကို မြဲမြံစွာဆုပ်ကိုင်ထားပြီး ဘယ်ဘက်လက်က သူ့ကျောတွင်လွယ်ထားသည့် ဂျင်းသားကျောပိုးအိတ်၏ ကြိုးစကိုကစားနေသည် ။ ဖြူဖွေးသည့်အသားအရေက ဖုန်များကြောင့် ညစ်ပတ်နေပြီး လေကြမ်းတိုက်နေသောကြောင့် ဆံပင်တွေက လေထဲတွင် မျောလွင့်နေသည် ။ မျက်တောင်ရှည်ကော့ကော့များဝန်းရံထားသည့် မျက်လုံးအိမ်ထဲတွင် စိတ်အားထက်သန်မှုများကို မြင်နေရသည်။

ဒီခရီးကိုရွေးချယ်မိလိုက်၍ ကောင်းစစ်မှူးနောင်တမရ ။ အများသူငါတွေက နိုင်ငံကိုကယ်တင်ရန်အတွက် အသက်ပေးနေချိန်တွင် ရောဂါကိုကြောက်ရွံ့ ပြီးအိမ်ထဲမှာပင်နေကာ ဆုတောင်းပေးရုံမှလွဲ၍မတတ်နိုင်သည့်သူ့ကိုယ်သူမလုံ ။ အခုတော့ အများနှင့်တန်းတူ နိုင်ငံအတွက် သူကြိုးစားပေးနိုင်တော့မည် ။

အခုအချိန်ဆိုလျှင် ကောင်းစစ်မှူး၏မိဘတွေလည်း သူထားခဲ့သည့်စာကိုရလောက်ရော့မည် ။ တစ်ဦးတည်းသောသားဖြစ်သူ၏ ဆုံဖြတ်ချက်ကို ဂုဏ်ယူနေမည်လား။ အပြစ်တင်ရင်း ငိုကြွေးဝမ်းနည်းနေမည်လား ဆိုသည်ကိုတော့ ဒီတော်လှန်ရေးကြီးပြီးသည့်အချိန်ရောက်မှသာ ကောင်းစစ်မှူး သိချင်သည် ။

တောင် တစ်တောင်ပြီး တစ်တောင်ကိုဖြတ်သန်းမောင်းနှင်ပြီးနောက် ကောင်းစစ်မှူးသွားချင်သည့်နေရာကို ရောက်လာသည်။ကားရပ်သွားသည်နှင့် ကောင်းစစ်မှူးက ကားပေါ်ကနေခုန်ဆင်းလိုက်ပြီး အဝတ်အစားတွင်ပေနေသည့် ဖုန်များကိုခါသည် ။ ထို့နောက် ကားရှေ့ခန်းနားကိုသွားပြီး မျက်နှာတွင်တပ်ထားသည့် Mask ကိုဖြုတ်ကာ ကားမောင်းသမားဦးလေးကြီးကို ကျေးဇူးတင်စကားပြောသည် ။

နေရောင်အောက်တွင် ကြွေသည့်ကြယ်Where stories live. Discover now