လက်ဆောင် တစ်စုံတစ်ရာ လက်ခံရရှိချိန်တိုင်း လူသား အားလုံး ဝမ်းသာပျော်ရွှင်တတ်ကြသည်လေ ။အထိမ်းအမှတ် မျိုးစုံ၏ ခေါင်းစဉ်များအောက်ဝယ် ကျွန်တော်ဟာလဲ မိဘ ၊ သူငယ်ချင်း ၊ ဆွေမျိုး များပေးတဲ့လက်ဆောင်မျိုးစုံတို့ ရရှိပွေ့ပိုက် ခဲ့ပြီးချေပြီ ။
ကြိုးစား အားထုတ်မှု၏ ရလာဒ် ဖြစ်သည့် ဆုလက်ဆောင်များနှင့်လဲ ကျွန်တော့်ဘဝရဲ့ မှတ်တိုင်တစ်ချို့ စိုက်ထူခဲ့ပြီးပေါ့ ။
သို့သော် ကျွန်တော် အလွန်ပင်ကံကောင်းနေရော့သလား ။
အေးချမ်းဖွယ် မိုးရာသီ၏ နှောင်းပိုင်း ဩဂတ်စ်လကလေးတွင် ၊ ကံကြမ္မာ က ကျွန်တော့်အား ရရှိခဲ့ဖူးသောအရာများထက် တန်ဖိုးကြီးလှသည့် လက်ဆောင်တစ်ခု ထပ်မံ ပေးအပ်ခဲ့ပါသေးသည် ။
————————————————————
၂၀၂၀ ခုနှစ်
ဩဂတ်စ် လ ၁၇ ရက်ကားမှန်ပြူတင်းသို့ တဖြောဖြော ရိုက်ခတ်လျက်ရှိသော မိုးရေစက် အစိုင်တို့သည် ထူးဆန်းထွေလာသော ပြကွက်မဟုတ်သည့်တိုင် ကျွန်တော့်စိတ်အစဉ်ကို ဖမ်းစားလို့နေသည် ။
" နင်က ဒီဇင်ဘာ ပြိုင်ပွဲရှိလို့သာ ခုချိန်ကြီးလာရတာ ကိုးရ် ရယ် ... ဩဂတ်စ် ရာသီဥတုနဲ့ပင်လယ် ခက်ခဲပါသဘိနှယ်အေ "
ရှေ့ခန်းမှ အမေ့စကားကို ကျွန်တော်တစ်စုံတစ်ရာ ခွန်းတုံ့မပြန်မိ ။ အဖေ့ရဲ့ကြားဝင်ဖြန်ဖြေ စကားတစ်ချို့ကိုသာ အပြင်ဘက်ငေးရင်း မျှော်နေမိသည် ။
" မိန်းမရယ် ငါတို့က မင်းအမျိုးတွေဆီ ဒီဇင်ဘာတိုင်းလာနေကျဆိုပေမယ့် ... ငါတို့ သားလေးက တက္ကသိုလ် မှာ လက်ရွေးစင် ဘောလုံးသမားဖြစ်နေပါ့ရော ... စက်တင်ဘာအစဆိုပဲ လေ့ကျင့်ရေးစဆင်းရတော့မယ် ... ဩဂတ်စ်က မိုးလဲပါးနေပါပြီ "
အဖေ့စကားဆုံးမှ ရွာနေသော မိုးက ပိုသည်းလာသလိုပင်ရှိ၏ ။
ကျွန်တော်ကတော့ စကားဝိုင်းထဲ တစ်စိုးတစ်စိ ဝင်မပါပဲ ကားနောက်ခန်းကူရှင်ထက် တင်ပလ္လင်ခွေထိုင်ကာ ငိုက်မြည်းငေးတွေးနေမိသည် ။ လက်ထဲတွင်တော့ ရခဲ့ဖူးသော ဆုလက်ဆောင်များထဲမှ တစ်ခုဖြစ်သည့် ကျွန်တော့်နာမည် 𝐾𝑜𝑒 ဆိုသည့် စာသားလေး ရေးထိုးထားသည့် ဘောလုံးတစ်လုံး ပိုက်လျက် ။