Rigour

7 2 0
                                    


(Unicode)

ညနေငါးနာရီကစတဲ့ ခွဲစိတ်မှုဟာ အရုဏ်တက်လုနီးမှ အဆုံးသတ်တယ်။ ထုတ်ယူလိုက်တဲ့ ကိုယ်တွင်းအင်္ဂါတွေအတွက် အစားထိုးမှုအပြီး အားလုံးကလည်း ပင်ပန်းနေကြပြီ။ ကျန်တဲ့တာဝန်ကို လက်ထောက်ခွဲစိတ်ဆရာဝန်ဆီ လွှဲပေးပြီး သူကတော့ အရင်ဆုံးထွက်လာခဲ့တယ်။

လက်ဆေးသန့်စင်ပြီးပြီဆိုပေမယ့် အခုထိ သွေးညှီနံ့တွေ သူ့ခန္ဓာကိုယ်မှာ ရှိနေတုန်းပဲ။ သွေးစက်တစ်ချို့ ပေကျံနေတဲ့ maskကို ချွတ်လိုက်မှ နေရထိုင်ရသက်သာသွားတော့တယ်။ Operation roomရဲ့ မှန်တံခါးချပ်ကို ဖွင့်ပြီးထွက်လာတဲ့သူ့ကို မြင်တော့ အပြင်မှာတစ်ချိန်လုံး ရှိနေခဲ့တဲ့ ကိုယ်အင်္ဂါအလှူရှင်ရဲ့ဖခင်က တုန်ချိနေတဲ့ခြေလှမ်းတွေနဲ့ သူ့နားလျှောက်လာတယ်။

"ကျွန်တော့်သား  "

လဲပြိုလုနီးပါး ခန္ဓာကိုယ်ကို အသာဖမ်းထိန်းလိုက်ပြီး အနားက ခုံတန်းကိုခေါ်သွားလိုက်တယ်။

"သူ အဆင်ပြေပါတယ်"

တစ်ချိန်လုံး တင်းခံထားပုံရတဲ့ စိတ်ကို အခုမှလျှော့ချလိုက်သလိုမျိုး မျက်ရည်စတွေက အရေးအကြောင်းထပ်နေတဲ့ မျက်အိမ်ထဲပြည့်နှက်လာတယ်။ သူ တိတ်ဆိတ်စွာပဲ လူကြီးရဲ့ အေးစက်စက်လက်တွေကို ထွေးဆုပ်ပေးထားလိုက်တယ်။ ယောကျ်ားရင့်မာကြီးတစ်ယောက်က ဒီလိုပူဆွေးနေတာ မြင်ရတော့ ဘယ်လူသားကများ ဖခင်တစ်ယောက်ရဲ့ သောကကို မျက်ကွယ်ပြုရဲပါ့မလဲ။

"ကျွန်တော်ပဲ ဖြစ်သင့်တာပါဗျာ"

ကံတရားက ကိုယ်ဖန်တီးတာဆိုပေမယ့် စိတ်ကြိုက်သတ်မှတ်လို့တော့ မရခဲ့။

မဖြစ်သင့်တဲ့ မတော်တဆမှုတစ်ခုနဲ့ ဦးနှောက်သေသွားတဲ့ သားကြောင့် ဖခင်ရဲ့ကမ်ဘာက ကမောက်ကမ ဖြစ်ခဲ့တယ်။ မဆိုင်ပေမယ့် သူ့ကြောင့်လို့ အပြစ်တင်နေရင်း သေဆုံးဖို့ ရက်အနည်းငယ်သာလိုကြောင်း သိလိုက်ရချိန်မှာ ဖခင်ရဲ့ကမ်ဘာက လုံးဝပျက်စီးသွားခဲ့ပြီ။ သူ့ရဲ့ တစ်ဦးတည်းသော သွေးသားက သူ့အတွက် စကားတစ်ခွန်းတောင်မချန်ပဲ နှုတ်ဆက်သွားတော့မယ်။

နောင်တအထပ်ထပ်နဲ့ သားရဲ့ကိုယ်တွင်းအင်္ဂါတွေကို လှူဖို့ဆုံးဖြတ်ရတာဟာ သူ့အတွက်တော့ လွယ်ကူမနေခဲ့ဘူး။ စိတ်ထားဖြူစင်တဲ့ ကလေးက သူ့ဆုံးဖြတ်ချက်အတွက် အပြစ်တင်မှာမဟုတ်ပေမယ့် ဒါကပဲ သားအတွက် လုပ်ပေးနိုင်တဲ့ နောက်ဆုံးသောအရာတစ်ခု ဖြစ်တယ်။

ကမ္ဘာ အသင်ချေ [ ကမၻာ အသေခၤ် ]Where stories live. Discover now