ဇွန်လ 15ရက်နေ့ ည11နာရီအချိန်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့။
အညာအတာကင်းမဲ့စွာ စိတ်ရှိလက်ရှိရွာချနေသော မိုးရေစက်များသည် ဆိုးလ်မြို့နေရာအနှံ့ ဟိုဟို ဒီဒီ ထင်တိုင်းကြဲနေပေသည်။
ဟန်မြစ်ကူးတံတားပေါ်၌လည်း ကုန်တင်ကား နှစ်စီး၊ သုံးစီး ဖြတ်သန်းသွားသည့်မှအပ မည်သည့်ကားမျှမရှိတော့ချေ။ မိုးသည် လူအများကို ဇိမ်ကျကျနှင့်အိပ်နေစေရန် ဖန်တီးပေးနေသည်။
တံတားပေါ်ရှိ လူလျှောက်လမ်း/စက်ဘီးဖြတ်သန်းရန် သီးသန့်ပြုလုပ်ထားသော နေရာတွင်မူ ကောင်လေးတစ်ယောက်မတ်တပ်ရပ်နေခဲ့သည်။
အထက်တန်းကျောင်းဝတ်စုံနှင့် ကျောပိုးအိတ်ကို လက်မောင်းတစ်ဖက်တွင်ချိတ်ထားသောကောင်ငယ်လေးသည် ဟန်မြစ်၏ တစ်ဖက်အခြမ်း မီးရောင်စုံများဖြင့်လင်းလက်နေသော မြို့ပြကို အဓိပ္ပာယ်မဲ့သော မျက်ဝန်းများဖြင့် ငေးကြည့်နေပေသည်။
မျက်ခုံးရိုးပေါ်တွင် ကန့်လန့်ဖြတ် ကွဲနေသော ဒဏ်ရာမှသွေးတစ်စက်စက်ကျနေပြီး မျက်နှာတစ်ခုလုံးရစရာမရှိအောင် ဖူးယောင်နေသောဒဏ်ရာများအပြည့်။
ကျနေသော သွေးစက်တို့ကို လက်ဖြင့်လှမ်းသုတ်လိုက်ချိန်တွင်လည်း လက်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်အပြည့်။
နာကျင်လွန်းလှသည်.....ခါးသီးလွန်းလှသည်.....ဒီဘဝကို သူအခုပဲ အဆုံးသတ်လိုက်တော့မည်ဖြစ်သည်။
ကျောပိုးအိတ်ကို လမ်းမပေါ်သို့ ချလိုက်ပြီးနောက် တံတား၏ လက်ရန်းဘောင်နှစ်ဖက်ကို လက်ဖြင့်တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
အဖေက ဒီနေ့မနက်ပဲ ထောင်ဒဏ်ဆယ်နှစ်ချမှတ်ခံလိုက်ရတဲ့လူသတ်သမား အမေက သူများအပျော်မယား....နေစရာအိမ်မရှိလို့ အချိန်ပိုင်းအလုပ်လုပ်သည့်စားသောက်ဆိုင်၏ အနောက်အဖီတွင်ကပ်နေရသူ။
လုံလောက်ပါပြီ...ဒီလောက်ဆို လုံလောက်ခဲ့ပါပြီ။
ဒီလောက်ဆိုရင် လောကကြီးကိုနှုတ်ဆက်ထွက်ခွာဖို့ အချိန်တန်ပါပြီ။
YOU ARE READING
မိုးရွာတဲ့နေ့တစ်နေ့မှာ ရှေ့နေတစ်ယောက်နဲ့တွေ့ခဲ့တယ် (Eden Contest)
Romanceအဲ့ဒီရှေ့နေနဲ့တွေ့မှ ဒီရင်ထဲကအပူတွေက မိုးရေစက်တွေပတ်ဖြန်းလိုက်သလို ငြိမ်းချမ်းသွားတယ်။