သွန်းနဒီ ဆိုတဲ့ကောင်မလေး၊ တစ်ဦးတည်းသော သမီးလေးပီပီ အရာအားလုံးကို သူလိုချင်ရင်ရမှကျေနပ်တတ်တဲ့ကောင်မလေး တစ်အိမ်လုံးကလဲအငယ်ဆုံးလေးမို့ အလိုလိုက်ထားသဖြင့် သွန်းကဆိုးချင်တိုင်းဆိုးနေခဲ့ သည်။ သွန်းဖေဖေကကားပစ္စည်းဆိုင်ဖွင့်ထားပြီး မေမေကတော့ အထည်ဆိုင်လေးဖွင့်ထားတယ်။ သွန်းကတော့ဖြူဖြူသွယ်သွယ်လေးနဲ့ ဆံပင်နီညိုရောင်ရှိတဲ့ကလေးမလေးတစ်ယောက်ဖြစ်သည်။ သွန်းကဆိုးချင်ပေမယ့် စိတ်ထားလေးတော့ ကောင်းသည်။ သွန်းကကြင်နာတတ်သည်။ သနားတတ်သည်။ ခွေးလေးတွေကိုလဲချစ်တတ်တဲ့ ၈နှစ်အရွယ် မျက်လုံးညိုညိုလေးနဲ့ကလေးမလေးတစ်ယောက်ဖြစ်သည်။
မေမေ: သွန်းရေ ခဏလာပါဦး
သွန်း : လာပြီမေမေ
မေမေ: ဒါကလေ သမီးကိုသိပ်ချစ်တဲ့ ဦးလေးစိုးနိုင်ရဲ့သား မင်းအက္ခရာတဲ့ ကိုကြီးကအခု၇တန်းရှိပြီ သမီးထက်သုံးနှစ်ကြီးတယ်နော်။ ကိုကြီးက ဦးလေးစိုးနိုင် နယ်မှာကိစ္စရှိလို့ ၂လလောက်ကြာမှာ ကိုကြီးကဒီမှာခဏနေမှာ သမီးအဲ့လိုပဲသိထားနော်။
သွန်း : သူ့မေမေကဘယ်ရောက်သွားလို့လဲ မေမေ
မေမေ: သူ့မေမေက ဟိုတလောကမှ ကောင်းကင်ပေါ်တက်သွားတာသမီးရဲ့
သွန်း : ဘာသွားလုပ်တာလဲမေမေ။
မေမေ: သွန်း လျှောက်မေးမနေနဲ့တော့။
မေမေနဲနဲဆူလိုက်သဖြင့် သွန်းစိတ်ဆိုးမသည်။ မေမေက သွန်းကိုဆူလေ့ရှိတာမဟုတ်ဘူး။ အခုသူ့ကြောင့်အဆူခံလိုက်ရသည်ဟု သွန်းထင်မှတ်ခဲ့သည်။
မေမေ: သားလာ သားအိပ်ဖို့အခန်းလိုက်ပြပေးမယ်။
မင်းအက္ခရာ:ဟုတ်ကဲ့
သွန်းကတော့ မကျေနပ်ပါ တစ်အိမ်လုံးမှာကလေးဆိုလို့ သွန်းပဲရှိခဲ့တာ။ အခုသူရောက်လာတော့ သွန်းကိုမေမေတို့အချစ်လျော့မှာလဲစိုးမိသည်။
သွန်းက ကိုယ်ပိုင်ကျောင်းတစ်ခုမှာတက်သည်။ မနက်၈နာရီတိုင်း အိမ်ရှေ့ကိုကျောင်းကား ရောက်လာတတ်သည်။ သွန်း ထိုနေ့က ကျောင်းသွားဖို့လှေကားက နေဆင်းလာတော့ သူ့ကိုကြည့်မိသည်။ သွန်း သတိထားမိတာတခုက သူ့ uniformက သွန်းနဲ့အတူတူပင်။ သူကလဲသွန်းတို့ကျောင်းကပဲပေါ့။
မေမေ: သွန်းရေ ကိုကြီးနဲ့အတူတူသွားနော်
အက္ခရာ: လာလေ ညီမလေး ကားရောက်နေပြီ။
သွန်းဘာမှပြန်မပြောပဲ ရှေ့ကသွားနှင့်လိုက်တယ်။
သွန်းတော့ သူ့ကိုသဘောမကျပါ။ သွန်းတစ်ဦးတည်းသော သမီးမို့ အဖော်မက်ပေမယ့် သူ့ကိုတော့စိမ်းနေသေးသည်။
အက္ခရာ: ညီမလေး စောင့်ဦးလေ
သွန်းလှည့်မကြည့်ပဲ ကားပေါ်တက်သွားသည်။ သွန်းကကျောင်းကပြန်လာတိုင်း သွန်းခွေးလေး Johnny နဲ့ခြံထဲမှာဆော့တတ်သည်။ ရောက်လာတာသိပ်မကြာသေးတဲ့ သူ့ကိုလဲ Johnnyကခင်ပါသည်။ တစ်ညနေမှာ သွန်းခြံထဲမှာ Johnnyနဲ့ကစားနေတုံး
အက္ခရာ:ညီမလေး ကိုကြီးအပြင်မှာစက်ဘီးထွက်စီးမလို့ လိုက်မလား
သွန်းစိတ်ဝင်စားသွားသည်။ သွန်းကအပြင်တခါမှမထွက်ဖူးပါ။ စက်ဘီးစီးလဲခြံထဲမှာသာစီးဖူးခဲ့တယ်။ အပြင်ဘက်ကလမ်းတွေကို သွန်းကားပေါ်ကသာမြင်ဖူးခဲ့တာမဟုတ်လား။ အခုသူကအပြင်ထွက်ဖို့ခေါ်တော့ သွန်းလိုက်ချင်သည်။
သွန်း : မေမေဆူလိမ့်မယ်။
အက္ခရာ: အန်တီ့ကိုကိုကြီးပြောပေးမယ်လေ။
သွန်းမျက်လုံးလေးအရောင်လက်သွားသည်။ ပြီးတော့ ခေါင်းကိုငြိမ့်လိုက်တော့ အက္ခရာအန်တီ့ဆီလှည့်ထွက်ခဲ့သည်။ သွန်းကချစ်စရာကောင်းလွန်းလှသည်။ အက္ခရာကအငယ်တစ်ယောက်လိုချင်နေခဲ့ပေမယ့် မရခဲ့ဘူး။ အခုသွန်းကိုတော့ အက္ခရာတကယ့် ညီမလေးလို ချစ်သည်။
အက္ခရာ: အန်တီ သားညီမလေးကိုခေါ်ပြီး အပြင်မှာစက်ဘီးစီးလို့ရလား။
ဒေါ်မြမေ: ဟေ ရတော့ရတယ် သားညီမလေးကိုသေချာဂရုစိုက်နော်။
အက္ခရာပျော်သွားသည် ဟုတ်ကဲ့တစ်လုံးပြောပြီး ပြန်ပြေးထွက်လာခဲ့တယ်။
အက္ခရာ: သွန်းရေ လာဟေ့ သွားမယ်။
သွန်း : ဟုတ်ကဲ့ကိုကြီး
အက္ခရာ တစ်ချက်ပြုံးလိုက်မိတယ်။ သွန်းက ကလေးပီပီ သူလုပ်ချင်တာလုပ်ရ၍ပျော်ပြီး ကိုကြီးဟုခေါ်ခဲ့သည်မဟုတ်လား သူဒီစရောက်ကတည်းက သွန်းဆီက ကိုကြီးလို့ခေါ်သံ ဒီတခါပထမဆုံးဖြစ်သည်။ သွန်းကအပြေးလေး စက်ဘီးတွန်းပြီးထွက်လာတယ်။ အက္ခရာနဲ့သွန်း လမ်းတစ်လျှောက်စက်ဘီးစီးလာရင်း တနေရာအရောက်မှာ အက္ခရာတို့အရွယ်ကောင်လေးတစ်ယောက် စက်ဘီးလေးစီးလာပြီး ပါးစပ်ကလဲ မုန့်ဖတ်ထုပ်တွေရမယ်ဆိုပြီး အော်လာခဲ့တယ်။ သွန်းက ထိုကောင်လေးကို သေချာကြည့်နေတော့ အက္ခရာမေးချင်လာတာနဲ့
အက္ခရာ: သွန်း ဘာလို့လဲ
သွန်း : သွန်းသူ့ကိုသနားလို့ သွန်းတို့ကအပျော်အနေနဲ့ စက်ဘီးစီးကြပေမယ့် သူကတော့ အဝေးကြီးထိစီးသွားပြီး ဝမ်းရေးအတွက်နေပူမရှောင် မိုးရွာမရှောင် ဈေးရောင်းကြရတာမဟုတ်လား။
အက္ခရာအံ့ဩမိသွားသည်။ ထို၈နှစ်အရွယ်ကလေးမလေး ပါးစပ်ကထွက်လာတဲ့ သနားကြင်နာမှုရှိတဲ့အသံနဲ့ ရင့်ကျက်တည်ငြိမ်တဲ့မျက်နှာထားလေးကို အက္ခရာလေးစားမိသွားသည်။ မွေးကတည်းကပြည့်ပြည့်စုံစုံနေရပါရဲ့နဲ့ ဒီကလေးမောက်မာမှုမရှိတာ အက္ခရာ သဘောကျ သည်။ အက္ခရာလဲချမ်းသာတဲ့အိမ်ကသားဆိုပေမယ့် ညစ်ညစ်ပတ်ပတ်ကလေးတွေမြင်ရင် ရွံတတ်ခဲ့သည်။ အခုတော့သွန်းကြောင့်အက္ခရာ ကို့ကိုယ်ကိုတောင်ရှက်လာသည်။ စက်ဘီးစီးပြီးအပြန်မှာ အက္ခရာတို့ရယ်မောနေခဲ့ကြသည်။ စတွေ့တဲ့နေ့ကနဲ့မတူဘဲ ဒီကလေးမလေးအက္ခရာကို ခင်မင်လာပါပြီ။