Beauty & wild ...
Handsome & blind ...
________ဆောင်း ...
ဖြူလွှလွှ နှင်းမှုန်တို့ ဖွေးနေအောင် ကျတတ်သော ဆောင်း ... ချမ်းအေးတတ်သောဆောင်း ...
ထို ဥတုကို ' ညှာတာမှု ကင်းမဲ့သော ဥတု ' ဟုလဲ တစ်ချို့က ခေါ်ပါသည် ... အဘယ်ကြောင့်ဆိုသော်
နှင်းမှုန် နှင်းစက်တို့က ဖြူစင်လွန်းပါသည် ' ဆိုသော ပြစ်ချက်ကြောင့် ကောင်းကင်မှ နယ်နှင်ဒဏ် ပေးခံရခြင်းကြောင့်ဖြစ်၏
ချမ်းအေးမှုသည် အထီးကျန်စေ၏ ။ တစ်ကိုယ်တည်း ရှင်သန် ဖြတ်သန်း နေရသူတို့ကို ရူးမတတ်ဖြစ်စေအောင် အပြစ်ပေးသေး၏ ။
ဤသည်က်ို ဆောင်း' ဟု ခေါ်ပါသည် ။
.
.
.သို့သော် ထူးခြားစွာ သူက နွေးနေ၏ ။
မဟုတ် ... သူ ပူလောင်နေ၏
သွေးကြောများ ပေါက်ထွက်ခြင်း ဟုသော ဝေဒနာကြောင့် သူ ပူလောင်နေရ၏ ။
သုံးဖန်အဆိပ် ။
သုံးဆင့်အထိ အဆိပ်သင့်စေနိုင်သော အဆိပ် ။
ဥပမာ ဆိုရသော် - အဆိပ်မိသူသည် သမင်ဖြစ်ပါက ထိုသမင်ကို စားမိသော ကျားလဲသေပြီး ကျားကို စားမိသော မုဆိုးလဲ သေသည် ။
သူ အခု ထိုအဆိပ် မိထားသည် ။
အဆိပ်ခတ်သူက သူ၏ ချစ်သူဟုဆိုရသောသူ ...
.
.
.အေးခဲနေသော အိမ်အပြင်ဘက် မြက်ခင်းတွင် သူ လဲကျ ရှိနေ၏ ။ များစွာသော နှင်းစက်တို့သည် ကောင်းကင်မှ သူ့ထံ ဆင်းသက်လာ၏ ။
လှပပါသည် ။ သို့သော် ...
တစ်ကိုယ်လုံး နာကျင်မှုဖြင့် ပြည့်နက်နေသည် ။
ထိုအဆိပ်သည် ကုရန်လဲ ဆေးမရှိ ... ။
ဒါသည် သူ၏ နောက်ဆုံးအချိန် ဖြစ်ပါလိမ့်မည်
.
.
.သူ့၏ မျက်ဝန်းကို အလုံးစုံ မှိတ်ချလိုက်သည် ။
အမြင်အာရုံ၌ လူတစ်ယောက်၏ မျက်နှာကို ထင်ရှားစွာ ပေါ်လာ၏ ။ ထိုသူသည် ညိုးငယ်စွာ သူ့အား ငေးကြည့်နေတတ်၏ ။
