"မောင် နင်ရန်ဖြစ်လာတယ်ဆို"
အိပ်ရာပေါ်လှဲပြီးဖုန်းသုံးနေရင်း လှေကားကနေဝုန်းဒိုင်းကျဲတက်လာသံ ကြားကတည်းက မောင်ကြိုသိနှင့်ပြီးဖြစ်သည်။ အခန်းတံခါးကို ဆောင့်ပိတ်ရင်းမေးလာသည့် ဝတ်မှုန်၏မျက်လုံးတို့ နွမ်းရိပ်စွန်းနေသည်။ မေးချင်တဲ့ မေးခွန်းတွေ မေးလာတဲ့မေးခွန်းထက် များနေမှာကိုလည်း မောင်သိသည်။ ရန်ဖြစ်တဲ့အကြောင်းရင်းကိုရှောင်ပြီး မောင့်အတွက်ရော သူ့အတွက်ပါမထူးဆန်းသည့် မောင်ရန်ဖြစ်သည့်အကြောင်းကိုပဲ မေးလာသည်။
မောင် ဝတ်မှုန်၏အမေးကို မဖြေချင်၊ မဖြေရဲဆို ပိုမှန်လိမ့်မည်။ မောင်ကိုယ့်စိတ်ကိုယ် အစိုးမရနေပါ။ဝတ်မှုန်၏မျက်တောင်ဖျားလေးတွေ အနည်းငယ်စိုနက်နေသည်လို့လည်း ထင်မိသည်။
"ဝတ်မှုန် တော်ပြီ။ ထမင်းစားသွားမှာမလား။ လာတော့ မေမေစောင့်နေလောက်ပြီ"
"နေစမ်းပါဦး။ ဒါဆို နင်ကတကယ် အဲ့မမနဲ့တွဲတော့မှာပေါ့"
တံခါးဖွင့်ပြီးရပ်စောင့်နေသည့် မောင်နားကိုလျှောက်လာပြီး မောင့်လက်မောင်းကို တစ်ချက်ရိုက်ကာ ဝတ်မှုန်ကမေးသည်။ ဒါသည် ဝတ်မှုန်၏အကျင့်ပင်။ စကားပြောရင်း သူစိတ်မရှည်သည့်အခါဖြစ်ဖြစ် ရယ်ရင်းမောရင်း အားမလိုအားမရဖြစ်သည့်အခါဖြစ်ဖြစ် ဘေးလူ၏လက်မောင်းကို သည်းမခံနိုင်အောင်ရိုက်တတ်သည်။
"ဝတ်မှုန် နင်ရည်းစားထားရင်တော့ သူများကိုတဖြန်းဖြန်းရိုက်တတ်တဲ့အကျင့်နဲ့တင် နင့်ရည်းစားနင့်ကိုထားသွားတော့မှာပဲ"
"အေး အခုလောလောဆယ် ရည်းစားထားတော့မှာက နင်လေ။ အကျင့်မကောင်းတဲ့အကောင်။ ငါက ဘေးလူဖြစ်သွားပြီပေါ့။ နင့်ကို အန်တီနဲ့တိုင်မယ် ဖယ်"
ပြောရင်းဆိုရင်း သူ့ကိုကျော်ကာ လှေကားကနေပြေးဆင်းသွားသည့်ဝတ်မှုန်ကိုကြည့်ပြီး မောင်သက်ပြင်းချမိသည်။ ကျောလယ်ရောက်နေသည့်ဆံပင်ကို နှစ်ဖက်ခွဲချကာ ကျစ်ဆံမြီးကျစ်ထားသည့်ဝတ်မှုန်၏ လက်တစ်ဖက် သူ့ပါးပြင်ပေါ်တစ်ချက်သပ်ချလိုက်သည်ကို မောင်တွေ့လိုက်ပါသည်။
![](https://img.wattpad.com/cover/285974079-288-k284454.jpg)
YOU ARE READING
နေခက်မှုန်ဝေ
Short Storyချစ်တယ်ဆိုတာ စက်ဝိုင်းရဲ့အစပဲမောင် မမောမပန်း ငါပြေးခဲ့တယ် လှိုက်ကာဟာခဲ့ လှိုက်ကာ ဟာခဲ့ ။ ။